တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
325

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (ဇွန် ၁၁-၁၇)

ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်နိုင်မည့်အချိန် မသေချာသေး

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် လုပ်ငန်းစဉ်များ ခန့်မှန်းသည်ထက် ပိုရှုပ်ထွေးနေသဖြင့် အဖွဲ့ဝင်ဖြစ်မည့်အချိန် မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က ဇွန်လ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် မေလ ၁၈ ရက်နေ့တွင်လျှောက်ထားခဲ့ပြီး လုပ်ငန်းစဥ်များအရ အဖွဲ့ဝင်နိုင်ငံ ၃၀ စလုံး တပြေးညီသဘောတူညီမှသာ အဖွဲ့ဝင်အသစ်အဖြစ် လက်ခံနိုင်မည်ဖြစ်သည်။

Ref: Voice of America

တရုတ်နိုင်ငံတွင် အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ကျူးလွန်သူ ၉ ဦးကို ဖမ်းဆီးထား

တရုတ်နိုင်ငံ တန်ရှန်းမြို့ရှိ စားသောက်ဆိုင်တွင် အမျိုးသမီးများအား ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့သော အမျိုးသား ၉ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

စားသောက်ဆိုင်တွင် အမျိုးသမီးတစ်ဦး၏ ကျောပေါ်ကို အမျိုးသားတစ်ဦးက လက်ရောက်ခဲ့သော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် အမျိုးသား ၉ ဦးကိုဖမ်းဆီးခဲ့သည်။

၎င်းဖြစ်ရပ်ကြောင့် အမျိုးသမီးနှစ်ဦး ဆေးရုံတင်ခဲ့ရပြီး အခြေအနေ မစိုးရိမ်ရကြောင်း နောက်ထပ်အမျိုးသမီးနှစ်ဦးပါ ဒဏ်ရာ အနည်းငယ် ရရှိခဲ့‌ကြောင်း တရုတ်အာဏာပိုင်များက ပြောသည်။

Ref: Reuters

ဟယ်ရီစတိုင်၏ ဖျော်ဖြေပွဲတွင် ကောင်လေးတစ်ယောက် အမြင့်မှ စောက်ထိုးပြုတ်ကျခဲ့

One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်၏ ဇွန်လ ၁၁ ရက်နေ့ညတွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲ၌ အသက် ၂၀ အရွယ် ကောင်လေးသည် ဘောလုံးကွင်း၏ အပေါ်ဆုံးထပ်မှ အောက်သို့ စောက်ထိုးပြုတ်ကျသွားခဲ့သဖြင့် ဆေးရုံကို အလျင်အမြန် ပို့ဆောင်ကယ်တင်ခဲ့ရကြောင်းသိရသည်။

ကောင်လေးသည် ဆေးရုံသို့ရောက်ရောက်ခြင်း ဦးခေါင်းထိခိုက်သွားသဖြင့် အရေးပေါ်ခန်းတွင် အသက်ရှူစက်ဖြင့် ထားခဲ့ရပြီး ယခုအချိန်တွင် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း ဆရာဝန်းများက သူ၏မိခင်ကို ပြောကြားသည်။

ပရိသတ် ၅၀၀၀၀ ကျော် ပါဝင်ခဲ့သော ဟယ်ရီစတိုင်၏ ဖျော်ဖြေပွဲတွင် kiwi သီချင်းကိုဖျော်ဖြေနေစဉ် ကောင်လေးသည် ဘောလုံးကွင်း၏ အပေါ်ဆုံးတတိယအထပ်မှ အောက်ထပ်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

Ref: The Sun

မျက်နှာတစ်ခြမ်း အကြောသေသွားသဖြင့် ဖျော်ဖြေပွဲများ ဖျက်ခဲ့ရသော ဂျက်စတင်ဘီဘာ

မျက်နှာတစ်ခြမ်း အကြောသေသွားသဖြင့် Justice World Tour ၏ ဖျော်ဖြေပွဲ ၃ ခုကို ဖျက်သိမ်းလိုက်‌ေကြာင်း ဂျက်စတင်ဘီဘဘာက ဆိုသည်။

Ramsay Hunt Syndrome ကြောင့် မျက်နှာတစ်ခြမ်း အကြောသေသွားပြီး မျက်စိတစ်ဖက် မျက်တောင်မခတ်နိုင်သော အခြေအနေကို အင်စတာဂရမ်ဗီဒီယိုတွင် သူက ပြသခဲ့သည်။

ရေယုန်ပေါက်ပြီး နားရွက်နားမှာရှိသော မျက်နှာအာရုံကြော ထိခိုက်မိသဖြင့် Ramsay Hunt Syndrome ဖြစ်လာတတ်ကြောင်း ဆေးပညာရှင်များက ဆိုကြသည်။

Ref: BBC

Squid Game ကို ဒေါ်လာ ၄ဒသမ၅၆ သန်းဆုကြေးပေး၍ တကယ်ကျင်းပရန် Netflix စီစဉ်

တောင်ကိုးရီးယားတွင်ပြသသော လူကြိုက်များသည့် Squid Game ကို Reality TV Show အဖြစ် ကျင်းပ၍ ဒေါ်လာ ၄ဒသမ၅၆ သန်းကို ဆုကြေးသတ်မှတ်ကျင်းပသွားမည်ဟု Netflix ကကြေညာလိုက်သည်။

ကမ္ဘာတဝှမ်းရှိ လူပေါင်း ၄၅၆ ယောက်ဖြင့် အဆိုပါဂိမ်းကို ကစားစေမည်ဖြစ်ပြီး ပါဝင်မည့်သူများသည် အသက် ၂၁ အထက်ရှိရမည်ဖြစ်ကာ Show တွင် ၄ ပတ်အထိကစားနိုင်သူဖြစ်ရမည်ဟု ကြေညာထားသည်။

Ref : BBC

မြောက်ကိုးရီးယားတွင် ကိုဗစ်ရောဂါအပြင် တခြားရောဂါတစ်မျိုး ကူးစက်နေ

မြောက်ကိုးရီးယားနိုင်ငံတွင် ကိုဗစ်‌ ၁၉ ကူးစက်ခံနေရမှုအပြင် အခြားအမည်မသိသော အူလမ်းကြောင်းရောဂါတမျိုး ကူးစက်ခံနေရကြောင်း ဇွန်လ ၁၅ ရက်နေ့တွင် ခေါင်းဆောင် ကင်ဂျုံအန်းကပြောသည်။

ကျွမ်းကျင်ဆရာဝန်များက ၎င်းရောဂါသည် ဝမ်းရောဂါ သို့မဟုတ် အူရောင်ငန်း‌ဖျား ‌ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုနေကြသည်။

မြောက်ကိုးရီးယား၌ မေလအတွင်း ကိုဗစ်၁၉ ပျံ့နှံ့မှုကြောင့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားပြီး ဖျားနာနေသူများ သန်းချီရှိနေကာ ယခုအမည်မသိရောဂါအတွက် အရေအတွက်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

Ref: BBC

ဆော်ဒီတွင် သက်တံအရောင်ပါသော အရုပ်များကို သိမ်းဆည်းခံရ

ဆော်ဒီနိုင်ငံမြို့‌တော် ရီယတ်တွင် သက်တံအရောင်ပါသော အရုပ်များကို ဆိုင်များအတွင်းမှ ဖယ်ရှာရှင်းလင်းနေသော ရုပ်သံတစ်ခုကို BBC ကပြသခဲ့သည်။

ဖယ်ရှားခံရသော အရုပ်များတွင် ကလေးအင်္ကျီ၊ ခေါင်းပတ် ကလစ်၊ ဦးထုတ်၊ စာရေးကိရိယာမျိုးစုံတို့ ပါဝင်နေပြီး ၎င်းတို့သည် လိင်တူချစ်မြတ်နိုးမှုကို မြှင့်တင်ပေးနေကြောင်း ဆော်ဒီအာဏာပိုင်များက ဆိုသည်။

Ref: BBC

ထိုင်းတွင် ဆေးခြောက်အလွန်အကျွံ သုံးစွဲမှုကြောင့် ၄ ဦး ဆေးရုံတင်ထားရစဉ် ၁ ဦးသေဆုံး

ထိုင်းတွင် ဆေးခြောက်ကို ဇွန်လ ၉ ရက်နေ့တွင် တရားဝင်ခွင့်ပြုခဲ့ပြီးနောက် အလွန်အကျွံသုံးစွဲသဖြင့် ၄ ဦးကို ဘန်ကောက်ဆေးရုံသို့ တင်ခဲ့ရပြီး နောက်ပိုင်းတွင် ၁ ဦးသေဆုံးသွားခဲ့ကြောင်းဇွန်လ ၁၄ ရက်နေ့တွင် အာဏာပိုင်များကဆိုသည်။

၎င်းတို့အနက် အသက် ၅၁ နှစ်အရွယ် လူကြီးတစ်ယောက်သည် ရင်ဘတ်အောင့်ခြင်းကို အပြင်းအထန်ခံစားခဲ့ရပြီး နောက်ပိုင်းတွင် နှလုံးအလုပ်မလုပ်တော့သဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

အဆိုပါဆေးရုံတက်သူများတွင် အသက်မပြည့်သေးသူများပါဝင်နေပြီး ဆေးခြောက်နှင့်ပက်သက်၍ ဆရာနှင့်ကျောင်းသားများကို ပညာပေးရန် ထိုင်းကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။

Ref: Bangkok Post

နှစ် ၉၀ ကျော်သက်တမ်းရှိ Revlon အလှကုန်ကုမ္ပဏီ ဒေဝါလီခံမည်

နာမည်ကြီး အလှကုန် ကုမ္ပဏီကြီးတစ်ခုဖြစ်သည် Revlon ကုမ္ပဏီသည် အသစ်တက်လာသောအလှကုန် ပစ္စည်းများနှင့် online ဈေးကွက်များကြောင့် ရောင်းအားကျဆင်းလာခဲ့ရာ ဇွန်လ ၁၅ ရက်နေ့တွင် ဒေဝါလီခံရန် အမေရိကန်တရားရုံးတွင် လျှောက်ထားလိုက်သည်။

နည်းပညာသစ်များဖြင့် ထုတ်လုပ်သော အလှကုန်ပစ္စည်းအသစ်များနှင့် ကမ္ဘာကျော် မင်းသမီးများ၏ အလှကုန်များအပေါ် လူစိတ်ဝင်စားမှုများလာပြီးနောက် Revlon ပစ္စည်းများသည် အမေရိကန်စတိုးဆိုင်များ၏ အရောင်းစင်ပေါ်မှ ဖယ်ရှားရသည်အထိ ရောင်းအား ကျသွားခြင်းဖြစ်သည်။

Ref : Reuters