ရေးတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

0
321

မွန်ပြည်နယ်၊ ရေးမြို့တွင် ယနေ့ (ဇွန် ၁၇) နံနက်ပိုင်းက အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခန့်က ရေးမြို့ ဇော်လက်ဖက်ရည်ဆိုင်တွင် ကိုအရှည်ကြီးနှင့် ကိုကြည်ဟိန်းဆိုသူတို့ ရှိနေစဉ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအရှည်ကြီးနှင့် ကိုကြည်ဟိန်းတို့ နှစ်ဦးစလုံးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

အထက်ပါဖြစ်ရပ်မှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ကိုအရှည်ကြီးသည် စစ်ကောင်စီသတင်းပေးဒလန်ဖြစ်သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် ၎င်းနှင့်အတူ ထိုင်နေသည့် ရေးမြို့ခံတစ်ဦးကိုလည်း မတော်တဆ ကျည်ထိမှန်သဖြင့် သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ကိုအရှည်ကြီးကို ကျည်ကျွံထွက်ကာ ကိုကြည်ဟိန်းကိုပါ ထိမှန်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ မတော်တဆ ကျည်ထိမှန်သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရပြီး မိသားစုကိုလည်း အနူးအညွတ် တောင်းပန်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထားသည်။

ပြည်သူများအနေနှင့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သူများကို ရှောင်ရှားကြရန်လည်း ၎င်းက တိုက်တွန်း ထားသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ် ကဗျာဝကျေးရွာက မွန်လေးဆိုသူကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြိုနယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေးများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးပေးမည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။