မြိတ်မြို့ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်ရှစ်ရာကျော်ဖြစ်လာ

0
742

မြိတ်မြို့ပေါ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ရာကျော် ဈေးမြင့်တက်သွားသဖြင့် တစ်ယူနစ် ကျပ်ရှစ်ရာကျော် ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။

ဧပြီလ အသုံးပြုခအတွက် တစ်ယူနစ်လျှင် ၇၃၀ ကျပ်နှုန်းကောက်ခံရာမှ မေလတွင် ၈၄၅ ကျပ်သို့ တိုးမြှင့်ကောက်ခံ လာကြောင်း ၎င်းတို့က ပြောသည်။

“ဈေးက ခဏခဏတက်နေတာပဲ။ မတတ်နိုင်ဘူး။ မီးမသုံးလို့လည်း မရဘူးလေ” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်လျှပ်စစ်မီတာ‌ခဈေးနှုန်းတို့မှာ ယခုနှစ်အစ ဇန်နဝါရီလတွင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် စသဖြင့် ဈေးတက်လာခဲ့သည်။

ဧပြီလတွင် တစ်ယူနစ် ၃၀ ကျပ် ဈေးကျဆင်းသဖြင့် ၇၃၀ ကျပ်ဖြစ်ခဲ့ပြီး မေလတွင် ၁၁၅ ကျပ် ဈေးနှုန်း ပြန်လည် မြင့်တက်သွားသဖြင့် ၈၄၅ ကျပ်အထိ ပေး‌ဆောင်နေရကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့မှ သိရသည်။

တစ်ယူနစ်လျှင် ၃၀ ကျပ်နှုန်းကျဆင်းခဲ့သည့် ဧပြီလတွင် ယခင်လကထက် ငွေသုံးထာင်ကျော်ခန့်သက်သာခဲ့ပြီး ဈေးထပ်တက်သဖြင့် မေလတွင် ငွေတစ်သောင်းကျော်ခန့် ပိုကုန်ကျကြောင်း ရာပြည့်ရပ်နေ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပြသည်။

မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans ကုမ္ပဏီက ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားသည်။

တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်မြင်ထားသော်လည်း အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း မြင့်တက် လာသဖြင့် မီတာခဈေးနှုန်းလည်း လိုက်ပါ မြင့်တက်လာခြင်းဖြစ်သည်။

မီတာခဈေးနှုန်း အတက်အကျဖြစ်နေရခြင်းမှာ ဒီဇယ်လောင်စာဆီဈေးနှုန်း အတက်အကျအပေါ်မှုတည်ပြီး ကောက်ခံနေရခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောဆိုထားသည်။

လျှပ်စစ်မီတာခ ဈေးနှုန်းမြင့်တက်နေမှုအခြေအနေနှင့် ပတ်သက်ပြီး အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများအား ယနေ့ (ဇွန် ၁၇) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လတ်တလောတွင် လောင်စာဆီဈေးနှုန်း မြင့်တက်နေပြီး ဒီဇယ်ဆီ တစ်လီတာလျှင် ၂၆၆၀ ကျပ် (ဂါလံ ၅၀ ပါ တစ်ပီပါလျှင် ခြောက်သိန်းနီးပါးခန့်) ရှိကြောင်း မြိတ်စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။