အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၂၈ဦးကို ဘတ်တစ်သန်းကျော်လျော်ကြေးပေးရန် ထိုင်းတရားရုံးအမိန့်ချ

0
394

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရသည် မြန်မာအလုပ်သမား ၂၈ဦးကို ဘတ် ၁ဒသမ ၃သန်းကျော် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ထံမှ သိရသည်။

၂ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် ဇွန်လ ၁၅ရက်နေ့တွင် အလုပ်သမားတရားရုံးက ယင်းသို့အမိန့်ချလိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် တရားဝင် လာရောက်လုပ်ကိုင်သည့် မြန်မာ အလုပ်သမား ၂၈ ဦးကို ထိုင်းအလုပ်ရှင်က လျော်ကြေးမပေးဘဲ ၂၀၂၀ ခုနှစ်တွင် အလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာအလုပ်သမားများအရေးကူညီပေးခဲ့သည့် MWRN ထံမှ သိရသည်။

ထို့ကြောင့် ထိုင်းအလုပ်သမားကာကွယ်‌စောင့်ရှောက်ရေးရုံးသို့ အသနားခံစာတင်သွင်းရာ MOU စာချုပ်သက်တမ်း ကာလအရ နစ်နာကြေးခံစားခွင့်မရှိဟု ဆုံးဖြတ်သဖြင့် တရားရုံးသို့ ဆက်လက်အယူခံတင်သွင်းခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

အလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်တွင် ရက်ပေါင်း ၁၂၀ ကြာသည်အထိ အလုပ်လုပ်ခဲ့ပါက ထိုင်းအလုပ်သမား ဥပဒေအရ တရားဝင်အလုပ်သမားဖြစ်ပြီး အလုပ်ရှင်ဘက်က အကြောင်းမဲ့ အလုပ်ထုတ်ပိုင်ခွင့် မရှိကြောင်း MWRN ထံမှ သိရသည်။

အကယ်၍ အလုပ်ထုတ်ခဲ့လျှင် ထိုင်းအလုပ်သမားဥပဒေအရ MOU စာချုပ်သက်တမ်းအတိုင်း လျော်ကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောသည်။

“အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူရင် (MOU) စာချုပ်သက်တမ်း ၂ နှစ် ထပ်တိုးလို့ရတယ်။ အကယ်၍ (အလုပ်ရှင်က အလုပ်) ထုတ်မယ်‌ဆိုရင် အလုပ်သမားအခွင့်အရေးဥပဒေအတိုင်း (လျော်ကြေး) ပေးရမယ်” ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်ကို ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် (MWRN) က ထိုင်းဥပဒေအကျိုးဆောင်များနှင့် ပူးပေါင်းပြီး မြန်မာလုပ်သား ၂၈ ဦးအတွက် လျော်ကြေးငွေ ဘတ် ၁,၃၇၉,၈၈၀ ရရှိရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း MWRN ထံမှ သိရသည်။