မော်လမြိုင်တွင် WHO ဝန်ထမ်း ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှု ပိုမိုတင်းကျပ်

0
470
MawlaMyaing

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ရှာဖွေစစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။

WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေက ရုံးမှ အိမ်သို့ ဆိုင်ကယ်စီးပြီးအပြန် သံလွင်ဥယျာဉ် ဘေးလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် မြို့ပေါ်တွင် လုံခြုံရေး အင်အားတိုးမြှင့်ချထားသည့် အပြင် စစ်ဆေးမှုလည်း ပိုမိုတင်းကျပ်လာကြောင်း မြို့ခံများက ပြောသည်။

“စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတယ်။ အထူးသဖြင့် ညပိုင်းဆို ရဲတွေ အင်အား အများအပြားနဲ့ စစ်ဆေးတာတွေ ရှိလာတယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်။

မြို့ပေါ်ရှိ လမ်းဆုံးလမ်းခွများ၊ လမ်းမကြီးများ စသော လူသွားလူလာများပြားသည့် နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ကားဆိုလျှင် ကားပေါ်မှ ဆင်းခိုင်းကာ ကားကိုရှာဖွေ စစ်ဆေးကြောင်း ဆိုင်ကယ်ဆိုလျှင်လည်း နောက်ဖုံးဖွင့် စစ်ဆေးကြောင်း မြို့ခံများက ပြောဆိုသည်။

ဖုန်းများကို စစ်ဆေးခြင်း၊ ခရီးသွားလာမှုကို စစ်ဆေးမေးမြန်းခြင်းတို့ ပြုလုပ်ကာ အမျိုးသားများဆိုလျှင် ပိုမိုစစ်ဆေးသည်ကို တွေ့ရကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

မြို့ပေါ်အပြင် မြို့အဝင်အထွက် နေရာများတွင်လည်း စစ်ဆေးမှု ပိုမိုတင်းကျပ်လာပြီး ဧည့်စာရင်း စစ်ဆေးမှုလည်း ပိုများလာကြောင်း မြို့ခံအချို့ထံမှသိရသည်။

လက်ရှိတွင်လည်း WHO ဝန်ထမ်း ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံအချို့ ဖမ်းဆီးခံထားရသည် ဟုလည်း မြို့ခံအချို့က ပြောဆိုသည်။

သို့သော်ယင်းပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရမှုအပေါ် WHO မြန်မာရုံးက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသလို ကမ္ဘာ့ကုသမဂ္ဂ UN ကလည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများ တာဝန်ခံရန် ထုတ်ပြန်ထားသည်။

ဦးမျိုးမင်းထွဋ်မှာ ဧည့်စာရင်းစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တတ်ခြင်း၊ CDM ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ သက်ငယ် မုဒိန်းမှုကျူးလွန်ခြင်းတို့ကြောင့် ပစ်သတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။