မြန်မာသို့ လက်နက်ရောင်းချသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ဖမ်းမိကြောင်း ထိုင်းရဲပြော

0
903

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသူအပါအဝင် လက်နက်မှောင်ခိုအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ မှုခင်းနှိမ်နှင်းရေးအဖွဲ့ (Crime Suppression Division) က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၅ ခုတွင် တရားမဝင် လက်‌နက်အရောင်းအဝယ်ပြုလုပ်နေသော ကွင်းဆက်အဖွဲ့အစည်းများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ်တွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသူကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။

တရားမဝင် လက်နက်‌မှောင်ခိုဈေးကွက်ကို Mr. Danupol အမည်ရှိ ထိုင်းရွာသူကြီးတစ်ဦးက ဆောက်ရွက်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချနေသူလည်းဖြစ်ကြောင်း ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုဌာန (CIB) မှ ဒုတိယရဲချုပ် Jirabhop Bhuridej က ပြောဆိုသည်။

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချနေသော အသက် ၃၂ နှစ်အရွယ် ဒါနူပေါလ် (Danupol) ကို ချွန်ဘူရီခရိုင်ရှိ အိမ်တစ်အိမ်တွင် ရိုင်ဖယ် ၄၆ လက်နှင့်အတူ ဇွန်လ ၁၃ရက်နေ့ ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားသည်။

တရားမဝင်လက်နက်များကို ဒါနူပေါ်လ်မှတစ်ဆင့် လက်နက်ကုန်သည်များဆီသို့ ရောင်းချနေခြင်းဖြစ်ပြီး ၎င်းနှင့် ဆက်စပ်သော အဖွဲ့အစည်းများကို ဘန်ကောက်၊ ချွန်ဘူရီ၊ ကန်ချနဘူရီ၊ ဥဒွန်းဌာနီ၊ ချင်းမိုင်ခရိုင်များတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ဒါနူပေါ်လ်သည် ထိုင်းအာဏာပိုင်များနှင့် ရင်းနှီးသူမှုကို အသုံးချကာ တရားဝင် လက်နက်ဝယ်ယူ ကိုင်ဆောင်ခွင့် ရရှိရေး ထိုင်းအစိုးရထံ လျှောက်ထားခဲ့သူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့ကြောင့် ‌ဒါနူပေါလ်သည် ထိုင်းအာဏာပိုင်များ၏ အကူအညီများဖြင့် လက်နက်များကို တရားဝင် ဝယ်ယူ ကိုင်ဆောင်ခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံရှိ ဝယ်ယူသူများသို့ ထောက်ပံ့ပို့ဆောင်နေ‌ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်မှောင်ခိုအဖွဲ့များအား ဝင်ရောက်ဖမ်းဆီးမှုဖြစ်စဉ် အသေးစိတ်ကို ဇွန်လ ၁၄ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ရှင်းလင်းခဲ့ပြီး အမှုနှင့် သက်ဆိုင်သူ ငါးဦးကို ချွန်ဘူရီနှင့် ကန်ချနဘူရီတို့တွင် လက်နက်များစွာနှင့်အတူ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့အနက် စိုင်ယွတ်အုပ်ချုပ်ရေးမှူးဟောင်းသည် တရားမဝင် မြန်မာလုပ်သားများ ဝင်ရောက်မှုများတွင် ပါဝင် လုပ်ဆောင်ပေးခဲ့ပြီး သဘာဝအရင်းအမြစ်များကိုလည်း ခိုးယူခဲ့ဖူးသူလည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: Bangkok Post