လောင်းလုံးတွင် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်လာ

0
254

လောင်းလုံးမြို့နယ်တွင် ဓါးပြတိုက်လုယက်မှုများ ဆက်တိုက်ဖြစ်လာပြီး ဓားပြတိုက်ခံရမှုကို ထုတ်ဖော်ပြောဆိုလျှင် သတ်မည်ဟုလည်း ခြိမ်းခြောက်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

သဗျာရွာတွင် မေ ၁၄ နေ့ မွန်းလွဲပိုင်းက ဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီးနောက် ဆက်တိုက်ဆိုသလို ယင်းနေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ရဲစခန်းရှိ နေအိမ်တစ်ဆောင်ကိုလည်း ဓါးပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သဗျာရွာဖြစ်ရပ်တွင် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦးက မွန်းလွဲ ၁နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများထံမှ စိန်လက်စွပ်တစ်ကွင်း၊ နားကတ်နှစ်ရံ၊ ငွေသုံးသိန်းခန့် လုယူသွားကြောင်း ဒေသခံများနှင့် ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။

အလားတူ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် တစ်ပတ်အတွင်း နေအိမ်နှစ်ဆောင် ဓါးပြတိုက်ခံရရာ ရွှေနှင့် ငွေသား အချို့ပါသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ဓားပြတိုက်ခံရမှုများကို ထုတ်ဖော်ပြောဆိုလျှင် သတ်မည်ဟုလည်း ခြိမ်းခြောက်ခံရသဖြင့် ဓားပြတိုက်ခံရသည့် ကာယကံရှင်များက ထုတ်ဖော်ပြောဆိုရန် ထိတ်လန့်နေကြကြောင်း ဓားပြတိုက်မှုဖြစ်ပွားသည့် အနီးဝန်းကျင်က ဒေသခံများက ပြောကြသည်။

“လိုင်းပေါ်တင်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ တိုက်ခံရတဲ့ အိမ်တွေက မပြောရဲကြဘူး။ ဒီလိုတိုက်ခံရပြီး မပြောရဲတဲ့ အိမ်တွေကလည်း ဘယ်နှစ်ဆောင်တောင်ရှိနေမှန်းကို မသိဘူး” ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်တွင် မေလမှ ဇွန်လအတွင်း ဓါးပြတိုက်ခံရမှုများ လေးခုထက်မနည်းဖြစ်ပွားခဲ့ပြီး အထက်ပါ ဖော်ပြချက်အချို့မှာ မြို့ခံများနှင့် ဆွေမျိုးနီးစပ်သူများ၏ ပြောကြားချက်အရ သိရခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်အခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သည့် ပြည်သူပန်းတိုင်အဖွဲ့ကမူ သဗျာရွာ ဓားပြတိုက်မှုများကို ပန်းဒလဲပျူစောထီးအဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယနေ့ (ဇွန် ၁၅) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

မိဘပြည်သူများအနေဖြင့် ယနေ့ခေတ် အခြေအနေကြောင့် သတိနှင့်နေထိုင်ပြီး ပြည်သူအချင်းချင်း ရိုင်းပင်း ကူညီကြရန်လည်း ယင်းအဖွဲ့က တိုက်တွန်းထားသည်။