မြိတ်ငါးလေလံဈေးစီမံကိန်းလုပ်ရန် ဒီရေတောများရှင်းနေသဖြင့် ဒေသခံများ အခက်တွေ့

0
705

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာတွင် အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ငါးလေလံဈေးစီမံကိန်းကြောင့် ဒီရေတောအမှီပြုလုပ်ကိုင်သည့် လုပ်ငန်းများထိခိုက်ရကြောင်း ယင်းကျေးရွာနေသူတို့ထံမှ သိရသည်။

အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံဈေးကြီးစီမံကိန်းအား မြေဧရိယာဧက ၂၀၀၀ ကျော် ပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက မြိတ်အများပိုင်ကော်ပိုရေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

စီမံကိန်းဆောင်ရွက်မည့်နေရာ‌တွင် ဒီရေတောနှင့် ဓနိတောတို့အား ခုတ်ထွင်ရှင်းလင်းပြီး သဲဖို့ခြင်းလုပ်ငန်းတို့အား ဆောင်ရွက်နေပြီဖြစ်‌ကြောင်း ကွမ်းသီးချောင်းရွာနေသူအချို့က ပြောပြသည်။

အဆိုပါ ဒီရေတောထဲတွင် ဂရု (ဂရုအိုးစုတ်) ကောက်ခြင်း၊ ဘဝဲနိုက်ခြင်း၊ ကဏန်းခြေးပုံးကောက်ခြင်း၊ သံမြုံးဖြင့် ဂဏန်းထောင်ဖမ်းခြင်းနှင့် ပုဇွန်ဖမ်းခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း ကွမ်းသီးချောင်းရွာနေ အသက် ၄၀ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ထိခိုက်တာက ဂရုအိုးစုတ်လည်း ကောက်မရ၊ ကဏန်းလည်း ထောင်မရ ဖြစ်ကုန်တာပေါ့” ဟု ၎င်းက ပြောသည်။

ကွမ်းသီးချောင်းရွာအပါအဝင် အနီးအနားဝန်းကျင်ရှိ ကျေးရွာလေးရွာရှိ စုစုပေါင်း အိမ်ခြေတစ်ထောင်ကျော်မှ ထက်ဝက်နီးပါးခန့်မှာ ဒီရေတောအား အမှီပြုပြီး အသက်‌မွေးဝမ်းကျောင်းလုပ်ငန်းတို့အား လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ကွမ်းသီးချောင်းရွာနေသူအချို့က ပြောသည်။

ထို့အပြင် ကျေးရွာနေသူအချို့သည် ဒီရေတောမှ ထင်းများ၊ အိမ်သုံးမျှောတိုင်များနှင့် မီးသွေးဖုတ်ရန် အပင်တို့အား ခုတ်ယူအသုံးပြုလေ့ရှိကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတို့သည် စီမံကိန်းဝင်ရောက်လာပြီး ဒီရေတောအပြောင်ရှင်းလင်းမှုတို့ကြောင့် လုပ်ကိုင်ခွင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ကွမ်းသီးချောင်းရွာနေ ကဏန်းဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“ဒီရေတောတွေ ရှင်းထားတာ ကဏန်းဖမ်းလို့ မရတော့ဘူး။ အလှမ်းဝေးတဲ့နေရာတွေမှာ လိုက်ဖမ်းနေရတယ်” ဟု ၎င်းက ပြောသည်။

ငါးလေလံဈေးစီမံကိန်းအတွင်း ပါရှိနေသည့် ဒီရေတောနှင့် ဓနိတောမြေပိုင်ဆိုင်သူတို့အား နစ်နာမှု မရှိစေရန် ညှိုနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်း တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်နှစ်က ပြောဆိုထားသည်။

အဆိုပါမြေပိုင်ရှင်အချို့က မြိတ်အများပိုင်ကော်ပိုရေးရှင်းနှင့် မည်ကဲ့သို့ ညှိုနှိုင်းဆောင်ရွက်ထားကြောင်းကို ဖြေဆိုရန် ငြင်းဆိုကြသည်။

လက်ရှိဒေသခံများ အခက်အခဲကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် မြိတ်အများပိုင် ကော်ပိုရေးရှင်း တာဝန်ရှိသူထံ ယနေ့ (ဇွန် ၁၅) ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဒီရေတောများတွင် များပြားလှသည့် ဇီဝမျိုးစုံမျိုးကွဲတို့ ကျက်စားရာနေရာဖြစ်ပြီး ဒေသခံတို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ လူမှုဘဝဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း မြန်မာပြည်ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် အရပ်ဘက်အဖွဲ့အစည်း အချို့က ထောက်ပြထားသည်။

ကွမ်းသီးချောင်းရွာတွင် တည်ဆောက်နေသည့် ငါးလေလံဈေးကြီးစီမံကိန်းတွင် ငါးတင် ငါးချ ဆိပ်ကမ်း၊ အအေးခန်းများ ၊ ကုန်ချောထုတ်စက်ရုံများ၊ လူနေအိမ်ရာများ စသဖြင့် ပါဝင်မည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေရှင်းထံမှ သိရသည်။

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသည် ၂၀၀၃ ခုနှစ်က ရပ်နားခဲ့သည်။

ယင်းငါးလေလံဈေး ပြန်လည် လည်ပတ်နိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၀ အား ခွင့် ပြုနိုင်ရေး အတွက် ယခင်အစိုးရလက်ထက်က ရင်းနှီးမြှုပ်နှံသူနှင့် မြိတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တို့က ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။