ဆေးသမားတွေကို ကြောက်နေရတယ်

0
131

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးထုတ်လုပ်မှုနှင့် မှောင်ခိုတင်ပို့မှုတိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး (UNODC) အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ယခုနှစ်ဆန်းပိုင်းက ပြောဆိုထားသည်။

တည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှု အားနည်းနေသည့် မြန်မာနိုင်ငံရေး အခြေအနေကြောင့် ပြည်တွင်း၌လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြသည်။

တနင်္သာရီတိုင်းတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများမှာ ပေါ်ပေါ်ထင်ထင်သုံးစွဲကြယုံမျှမကဘဲ လမ်းသွားလမ်းလာများကိုပါ ရန်ရှာခြင်း၊ လုယက်ခြင်း၊ ဥယျာဉ်ခြံများအတွင်း ဝင်ရောက်ခိုးယူခြင်းတို့ လုပ်ဆောင်လာကြသည်။

မူယစ်ဆေးသုံးသူများမှာ လယ်တဲများ၊ ဆီအုန်းတောများ၊ ခြုံများအနီးတို့တွင် မူးယစ်ဆေးသုံးစွဲကြပြီး လယ်တဲများကို ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်လာကြသည်။

ခေတ်ကာလ မကောင်း၍ ပြည်သူများမှာ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ကြရသည့် အခြေအနေတွင် မူးယစ်ဆေးသုံးစွဲသူတို့၏ အန္တရာယ်ကိုကြောက်၍ လုပ်ငန်းခွင်မသွားရဲအောင်ပင် ဖြစ်လာနေသည်။

ယင်းအခြေအနေများအပေါ် ကိုယ်တိုင်ကြုံတွေ့နေရသည့် ဒေသခံတစ်ဦး၊ လယ်သမားနှင့် ဥယျာဉ်ခြံလုပ်ကိုင်သူတို့ကို မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ညဘက်ဆိုရင် တံတားမှာ မူးယစ်ဆေးအပေးအယူတွေ လုပ်ကြတာ”

သရက်ချောင်းမြို့နယ်မှ အမျိုးသမီးတစ်ဦး

DW ။ မူယစ်ဆေးသမားတွေနဲ့ပတ်သတ်ပြီး ကြုံတွေ့နေရတဲ့အကြောင်း‌ အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ အစ်မက အရင်ကတည်းကလည်း ဒီမူးယစ်ဆေးကိစ္စကြောင့်ပဲ ရုံးရောက်၊ ဂတ်ရောက်ဖြစ်ဖူးပြီးပြီးပေါ့နော်။ ကိုယ်မလုပ်ဘဲနဲ့ ခံရလို့ အမှန်တရားကို ရင်ဆိုင်ဖြေရှင်းခဲ့ဖူးတာပေါ့။ အခုအချိန်ကတော့ အဲလိုမျိုးတရားရင်ဆိုင်ပြီး အမှန်တရားကိုလုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခုတရားရုံးတွေအကြောင်းလည်း သိတဲ့အတိုင်းပဲလေနော်။

DW ။ အရင်က ကိုယ်မလုပ်ဘဲနဲ့ ခံရတယ်ဆိုတဲ့ အကြောင်းက ဘာများဖြစ်မလဲ။ အတိုချုပ် ပြောပြလို့ရမလား။

ဖြေ ။ အတိုချုပ်ပြောရရင်တော့ ခြံထဲကိုမူယစ်ဆေးပစ်သွင်းပြီးတော့ အိမ်ခြံထဲမှာ မူယစ်ဆေး‌တွေ့ရှိမှု ဆိုပြီးတော့ဖြစ်တာပေါ့လေ။ မနာလိုတဲ့သူတွေကလုပ်ကြတာပေါ့။ ဘယ်သူဆိုတာတော့မပြောတော့ပါဘူး။ အစ်မတို့အိမ်မှာက မိန်းမသားတွေပဲနေကြတာလေ။ မူယစ်ဆေးဆိုတာ မြင်တောင်မမြင်ဖူးတဲ့သူတွေ။ အဲဒီမှာ တရားရုံးတွေရောက်ပြီး အမူတွေဖြစ်ကြတယ်။

DW။ အခုရော မူယစ်ဆေးသမားတွေရဲ့ရန်ကို ကြောက်နေရတာရှိလား။

ဖြေ။ ရှိပါတယ်။ အစ်မတို့အိမ်က မိန်းလမ်းမ ( ထားဝယ်-သရက်ချောင်း လမ်းမကြီး) ပေါ်မှာလည်းဖြစ်တယ်။ အိမ်နားမှာက တံတားတစ်ခုလည်းရှိတယ်။ ဆိုတော့ ဘာဖြစ်လဲဆိုတော့ ညဘက်ဆို သတိထားပြီးနေကြရတယ်။ ညဘက်ဆိုရင် တံတားမှာ မူးယစ်ဆေးအပေးအယူတွေလုပ်ကြတာ။ အဲတော့ အရင်ကလည်း အတွေ့အကြုံရှိတော့ ကိုယ်ကတော့ ကြောက်နေရတာပေါ့နော်။ ညညအိပ်လို့တောင်မရဲဘူး။ ဆိုင်ကယ်အသံကြားရင် ထထကြည့်နေရတာ‌နဲ့လေ။ ဆိုင်ကယ်အသံကြားရင်တောင် လန့်နေရတဲ့ဘဝဖြစ်နေတယ်။

DW ။ တံတားမှာ မူးယစ်ဆေးအပေးအယူလုပ်တယ်ဆိုတာက ဘယ်လိုမျိုးလဲ။

ဖြေ ။ အပေးအယူလုပ်တယ်ဆိုတာက သူတို့အချိတ်အဆက်နဲ့သူတို့ပေါ့။ တစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးတော့ တံတားမှာထားရစ်ခဲ့တာ။ ပြီးရင် လာတဲ့လမ်းအတိုင်းလှည့်ပြန်သွားတယ်။ ခဏနေကျရင် နောက်တစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးတော့ အဲတံတားမှာ ဆေးလာယူတယ်။ တစ်ခါတလေကျရင် တံတားထက်မှာ ဟို့ဘက်ကတစ်စီး၊ ဒီဘက်က တစ်စီးလာပြီးတော့ စကားတွေပြောပြီး ကိုယ့်နေရာကိုယ့်လှည့်ပြန် သွားတာလည်းရှိတယ်။ အိမ်နဲ့က နီးတဲ့အခါကျတော့ လသာတဲ့အချိန်ဆို အကုန်လုံးကိုမြင်နေရတာ။

ညဘက်ဘယ်သူ့မှ မထွက်ရဲတဲ့အချိန် သူတို့က ဆိုင်ကယ်တွေနဲ့လှည့်ပြီးတော့ တစ်ညလုံး သွားနေကြတာ။ အစ်မတို့ကအရမ်းကြောက်တယ်။ ကိုယ့်အိမ်နားမှာဖြစ်နေတဲ့အခါကျတော့လေ။ အရင်တုန်းလိုမျိုးဆိုရင် တိုင်လိုက်တာကြာပြီ။ အခုက တိုင်လဲမတိုင်ရဲ။ ဒီအတိုင်းနေရမှာလည်းကြောက်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိဘူး။ ဖမ်းမယ့်သူမရှိတော့ ပိုပိုဆိုးဆိုးလာကြတယ်။ အဲတာကိုဘယ်လိုလုပ်ရမလဲဆိုတာသိချင်နေတယ်။

DW ။ ကိုယ့်ကိုရန်ရှာတာမျိုးရှိလား။ အိမ်ခြံထဲကို ဝင်လာတာမျိုးတို့ကြုံဖူးလား။

ဖြေ ။ အဲလိုမျိုးအခု‌ မကြုံဖူးသေးဘူး။ အခုမရှိသေးပေမယ့် နောက်ရှိချင်ရှိလာမှာ ပြောနိုင်မလား။ အဲတာကိုကြောက်လို့ ပြောနေတာပေါ့။

DW ။ နောက်ထပ်ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ပြောချင်တာကတော့ အခုမူယစ်ဆေးသုံးတဲ့သူတွေက တစ်နေ့ထက်တစ်နေ့ များများလာတယ်။ ပိုပိုပြီးလဲ ရဲတင်းလာကြတယ်။ အဲ‌တော့ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်အဖွဲ့ကိုဆိုပြီး မဆိုလိုဘူးနော်။ ဒါနဲ့ပတ်သက်ပြီး လုပ်နိုင်တဲ့လူတွေ၊ အဖွဲ့တွေအနေနဲ့ မူယစ်ဆေးဝါးကိစ္စပြည်သူတွေမှာ တော်တော်ခံစားနေကြရတယ်။ အဲတာကိုလည်း ရှင်းပေးစေချင်တယ်လို့ပြောချင်တယ်။

DW။ ကျေးဇူးတင်ပါတယ်။

“ပိုပြီးတော့မှကို ရဲတင်းလာတယ်……… တဲမှာ လူရှိနေရင်တောင် မကြောက်တော့ဘူး”

ထားဝယ်မြို့နယ်မှ လယ်သမားတစ်ဦး

DW ။ မူယစ်ဆေးသုံးစွဲတဲ့လူတွေက လယ်သမားတွေရဲ့ လယ်‌တဲတွေထဲအထိ ဝင်ပြီးသုံးလာကြတယ်လို့ ပြောနေကြတာရှိ။ အဲလိုမျိုး ကြုံဖူးတာရှိလား။

ဖြေ ။ နွေရာသီဆိုရင်တော့ ခဏခဏကြုံရတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးတို့လယ်က လမ်းနဲ့နီးတယ်လေ။ နီးတော့သူတို့က တဲထဲဝင်ပြီးတော့ ရှုရှိုက်( ဆေးသုံးစွဲတာကိုဆိုလို) လုပ်ကြတာပေါ့။ အများအားဖြင့်တော့ လမ်းနဲ့နီးတဲ့လယ်‌တွေမှာ အဲလိုဖြစ်တာတွေကြားရတယ်။ (လမ်းနဲ့) ဝေးတဲ့နေရာမှာတော့ မလုပ်ကြဘူးသူတို့ကလေ။

DW ။ အဲလိုမျိုးဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အရင်ကတည်းကဖြစ်နေတာ။ အရင်ကတည်းကဆိုတာက နိုင်ငံရေးပြဿနာတွေ မရှိခင်ကတည်းကပြောတာ။ အခုက( အာဏာသိမ်းပြီးနောက်) ပိုဆိုးလာတယ်။ ပိုပြီးတော့မှကို ရဲတင်းလာတယ်လို့ပြောရမယ်။ လူကိုတောင် မထီလေးစားလုပ်လာကြတယ်။ တဲမှာ လူရှိနေရင်တောင် မကြောက်တော့ဘူးလေ။ တဲထဲအထိဝင်လာပြီး လာကြည့်တယ်။ ကြည့်လိုက်ရင်လည်း လူငယ်လေးတွေပဲ။ တစ်ခါတလေဆို မိန်းကလေးတွေပါပါတယ်။ ၁၅၊ ၁၆ (နှစ်) အရွယ်လေးတွေ။

DW ။ အဲလိုမျိူး ကိုယ့်လယ်ထဲလာပြီး မူးယစ်ဆေးသုံးတာမျိုး မလုပ်အောင် ကြိုတင်ကာကွယ်တာတွေ မလုပ်ဘူးလား။ ဥပမာ သက်ဆိုင်ရာကို တိုင်ကြားတာဖြစ်ဖြစ် တစ်ခုခုပေါ့။

ဖြေ ။ တိုင်တာတောတာတော့ မလုပ်ဖြစ်ဘူး။ အရင်ကတည်းကမလုပ်ဖြစ်တာ အခုဆိုရင်ပိုဆိုးတာပေါ့။ တိုင်လည်းထူးမှာမှမဟုတ်တာ။ ကံမကောင်းရင် ကိုယ်တောင်ရန်ရှာခံရဖို့ရှိတယ်။ နွေရာသီလယ်ပြီးလို့ လူမနေတော့ဘူးဆိုရင် တဲမပြင်တော့ဘူး။ ဒီအတိုင်းပစ်ထားလိုက်တယ်။ ကိုယ်ကတော့ မိုးလုံ၊ လေလုံအောင် တဲပြင်လိုက်တာပဲ။ သူတို့ကို(မူယစ်ဆေးသမားတွေကို) ဆောက်ပေးနေသလိုဖြစ်နေတယ်။ တဲထဲမှာ သူတို့ဘာသာ သူတို့လုပ်ချင်တာလုပ် တဲကိုတော့ ဘာမှမလုပ်နဲ‌ေပြာချင်တာက။ အခုကအဲလိုမျိုးမဟုတ်ဘူး။ တဲကိုဖျက်ပြီး မီးပုံတာတွေလုပ်တယ်။ ဒီလူက လယ်လုပ်မယ်ဟဲ့ဆိုပြီး လယ်ထဲဆင်းတော့ တဲကသုံးမရတော့ဘူး။ မိုးပက်၊လေပက် ဖျက်ဆီးထားကြပြီ။ အဲတော့ ပြင်လဲမထူးဘူးဆိုပြီး ပစ်ထားလိုက်တယ်။ တစ်ချို့ကတော့ တဲကိုအပေါ်ပိုင်းပဲကာပြီးအောက်ခြေကို မကာပဲထားထားတာလည်းရှိတယ်။ တဲမရှိတော့ ဦးတို့နားမှာ ရေကန်ကုန်းလေးဆိုတာရှိတယ်။ အဲဒီကုန်းထက်က ခြုံတွေထဲရောက်သွားပြန်ရော။ ခြုံတွေထဲမှာ သူတို့ပစ္စည်းတွေ မီးခြစ်တို့၊ မာမာဗူးခွံ့တို့၊ ရေသန့်ဗူးတို့၊ မွေရေအိတ်ခွံတို့ခဏခဏတွေ့ရတယ်။

DW ။ အဲလိုဆိုတော့ စိတ်ထဲဘယ်လိုခံစားရလဲ။ စိုးရိမ်တာ၊ ကြောက်တာ တစ်ခုခုဖြစ်မိတာရှိလား။

ဖြေ ။ ကြောက်တာပေါ့။ အရင်ကဆို ကိုယ်တဲနဲ့ကိုယ် တစ်ယောက်တည်းမကလို့ တစ်ပိုင်းတည်းတောင် သွားရဲတယ်။ အခုဆိုညဘက် တစ်ယောက်တည်းဆို မအိပ်ရဲတော့ဘူး။ ဟိုတလောက ဂံ( ဗမာစကားပြောသူများကို ဂံဟုခေါ်သည်) နှစ်ယောက်ကိုလယ်လုပ်ဖို့ငှားတယ်။ ညဖက်တဲမှာမအိပ်ရဲလို့တဲ့ မလုပ်တော့ဘူးဆိုပြီး ပြန်သွားကြတယ်။ ဟ! ဘာဖြစ်လို့လဲလို့မေးကြည့်တော့ ဆေးသမားတွေကိုကြောက်လို့တဲ့။ ဟုတ်လဲဟုတ်တယ်လေ။ ဦးတို့က သူတို့လုပ်သမျှခံရဖို့ပဲရှိတယ်လေ။ ပြန်လဲမလုပ်ရဲဘူး‌လေ။ သူတို့မှာ ဘာလက်နက်တွေရှိမှန်းမှမသိဘဲနဲ့။

DW ။ ဘာများဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ ။ ဦးတို့က လယ်ပဲ‌အေးအေးဆေးဆေး လုပ်စားချင်တယ်။ အခုစကားတွေလည်း မပြောချင်ဘူး။ ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်မှာကြောက်တယ်။ အဲတာအမှန်းတိုင်းပဲ ရိုးရိုးသားသားပြောတာ။ ရှပ်ရှပ်ရှက်ရှက်တွေဖြစ်လာမှာ ကြောက်တယ်လေ။

DW။ ကျေးဇူးတင်ပါတယ်။

“ခြံထဲဝင်တာတွေ့ရင် နောက်ကနေ အုပ်စုလိုက် လိုက်လိုက်ကြည့်တယ်”

လောင်းလုံးမြို့နယ်မှ ရာဘာစိုက်တောင်သူတစ်ဦး

DW ။ မူယစ်ဆေးသုံးတဲ့သူတွေကြောင့် ‌ခြံသမားတွေ ဥယျာဉ်ခြံထဲသွားဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ကြားရတယ်။ အဲလိုမျိုးကြုံရတာတွေရှိလားဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ အေး . . . ဘယ်လိုပြောရမလဲ ရှိတာပေါ့အဲလိုမျိုးတွေ။ ဆီအုန်းတောကိုဖြတ်ပြီး ခြံထဲသွားလို့ရှိရင် လူငယ်လေးတွေ လေးငါးခြောက်ယောက်စုစုပြီးတော့ ဆီအုန်းပင်တွေအောက်မှာ ရှိရှိနေတာ ခဏခဏတွေ့ရတယ်။ ဘာလုပ်နေရမလဲ ဆေးရှုနေကြတာပေါ့။

DW ။ အဲဒီလူငယ်‌တွေက မူးယစ်းဆေးသုံးနေမှန်း ဘယ်လိုသိတာလဲ။

ဖြေ ။ ကြည့်တာနဲ့သိတယ်။ ဒီနားက ခြုံတွေဆိုရင် သူတို့နေတဲ့နေရာတွေချည်းပဲ။ မီးခြစ်တွေ၊ ခဲပြားတွေ၊ ရေသန့်ဗူးခွံတွေ၊ ခင်းပိုင်းတွေနဲ့ သေသေချာချာကို စခန်းချထားကြတာ။

DW ။ သူတို့က ဥယျာဉ်ခြံထဲလာတဲ့သူတွေကို ရန်ပြုတာတွေရှိလား။ ရန်ပြုတာ ကြုံရဖူးလား။

ဖြေ ။ တခါတလေ( ရန်ပြုတာ) ကြုံရတယ်။ နေဝင်ရင်ခြံထဲမသွားရဲတော့ဘူး။ ခြံထဲဝင်တာတွေ့ရင် နောက်ကနေ အုပ်စုလိုက် လိုက်လိုက်ကြည့်တယ်။ ဆိုင်ကယ်တွေနဲ့။ ‌ကိုယ်ကတစ်ယောက်တည်း သူတို့မှာက အုပ်စုလိုက်။ တောထဲမှာ သတ်ပစ်လိုက်လိုက်လည်း ဘယ်သူမှာသိမှာမဟုတ်ဘူး။ အဲကြောင့် ခြံထဲက ပစ္စည်းတွေလည်း မျက်နှာလဲမပျိုးတော့ဘူး ( မမက်မေားတော့ဘူး)။ ကျန်တာပဲစားတော့မယ်ဆိုပြီး ပစ်ထားလိုက်တော့တယ်။ နောက်ထပ်လည်းမစိုက်တော့ဘူး။

DW ။ တစ်ခြားခြံရှင်တွေရော မူယစ်ဆေးသမားတွေရဲ့ ရန်ပြုတာကို ခံရတာတွေကြားဖူးလား။

ဖြေ ။ လူတိုင်းပဲလေ။ အိမ်နဲ့ဝေးတဲ့ခြံဆို ပစ်ထားလိုက်တာများတယ်။ မိန်းကလေးတွေကိုဆိုရင် မုဒိန်းကျင့်ပစ်လိုက်မယ်။ အခုခေတ်မှာ တိုင်ဖို့မင်းမရှိဘူးလို့ပြောတယ်တဲ့။ သူတို့က ဆေးရှူဖို့ ပိုက်ဆံမရှိရင် ခြံတွေထဲမှာ ရှိတာဝင်ခိုးရောင်းကြတာ။

DW ။ အဲလိုမျိုးဖြစ်နေတဲ့အပေါ် စိတ်ထဲမှာ ဘယ်လိုဖြစ်မိလဲ။

ဖြေ ။ ဖြစ်လဲဘာမှမတတ်နိုင်ဘူးလေ။ သူတို့ပြောတာလဲမှန်နေတာပဲ။ ဘယ်သူ့ကိုသွားတိုင်ရမှာလဲ ခုခေတ်မှာ။ ကိုယ့်အသက်ထက် အရေးကြီးတာမရှိဘူးဆိုပြီး ကျန်တာပဲစားမယ်ဆိုပြီး ပစ်ထားလိုက်တယ်။ တချို့ကလည်း ခြံပြန်ရောင်းချင်ကြတယ်။ ဝယ်တဲ့သူမရှိလို့။ အရင်တုန်းကလိုမျိုးဆို ဝယ်ထားလို့အရမ်းကောင်းတယ်။ ဘာဖြစ်လို့လဲဆိုရ သုံးဧကလောက်မှ ၅၀ ( ကျပ်သိန်းငါးဆယ်) ပဲ။ အဆင်သင့် စားရုံပဲ။ စိုက်စရာ၊ ဖာစရာမလိုတော့ဘူး။

DW ။ နောက်ထပ်ဘာများ ပြောချင်တာရှိသေးလဲ။

ဖြေ ။ ပြောစရာမရှိတော့ပါဘူး။ ကိုယ့်တစ်ယောက်တည်းဖြစ်နေတာလဲမဟုတ်ဘူးလေ။

DW ။ ကျေးဇူးတင်ပါတယ်။