ပုလောအရှေ့ခြမ်းတွင် တိုက်ပွဲထပ်ဖြစ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းဝင်းကျေးရွာတွင် ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောအရှေ့ခြမ်း မင်းဝင်းကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၁) နံနက် ၉ နာရီဝန်းကျင်တွင် နှစ်နာရီခန့်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) က ယနေ့ညတွင် ထုတ်ပြန်ထားသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖက်က နှစ်ဦးကျဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းနောက် စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည့်အတွက် အချိန်မီသွားရောက် ငြှိမ်းသတ်ပေးခဲ့ရပြီး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖက်က အထိအခိုက်အကျအဆုံးအခြေအနေကိုမူ Dawei Watch အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။

“အဲဒီဖက်က လက်နက်ကြီးပစ်သံတွေတော့ ကျွန်တော်တို့ ကြားနေရတယ်။ ဒီနေ့တော့ လေယာဉ်တွေနဲ့ ကင်းထောက်တာတွေလုပ်တာ မတွေ့ရတော့ဘူး” ဟု ရှမ်းဒွတ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း ပလောအရှေ့ခြမ်းဖြစ်သည့် ရှမ်းဒွတ်ကျေးရွာအုပ်စု၊ ကျောက်လိပ်ကျေးရွာတွင် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ၂ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲအတွင်း ရှမ်းဒွတ်ကျေးရွာရှိ နေအိမ် ၅ လုံး မီးရှို့ခံခဲ့ရကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်(PPDF) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ရှိတိုက်ပွဲဖြစ်နေကြသည့် ပုလော အရှေ့ခြမ်းရွာများတွင် PDF များ ခိုအောင်းနေသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ရိက္ခာများသယ်ယူခွင့် ကန့်သတ်ထားသည်။