တိုက်ပွဲပိုပြင်းထန်လာမည်ကို သထုံဒေသခံများစိုးရိမ်

0
331
တိမ်းရှောင်ထွက်ပြေးကြရသည့် ဒေသခံများ

မွန်ပြည်နယ် သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်တွင် စစ်ရေးတင်းမာ နေသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ယင်းနေရာက ဒေသခံများက ပြောသည်။

KNU တပ်မဟာ (၁) နယ်မြေ သထုံနှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး ပိုမိုတင်းမာလာနေသည့်အနေအထားရှိသည်။

ယင်းနေရာအတွင်း ဇွန် ၁ ရက်နေ့ကစပြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“သေနတ်သံတွေလည်း နေ့တိုင်းကြားနေရတယ်။ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာ စိုးရိမ်တယ်။ အခုလည်း တချို့ဆို ထွက်ပြေးနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း KNU နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်း အနီးအနားတွင်ရှိသည့် ကျေးရွာများ၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဆက်လက်နေထိုင်နေကြသည့် ကျေးရွာများမှ ဒေသခံများမှာလည်း တိုက်ပွဲပြင်းထန်လာလျှင် ထွက်ပြေး တိမ်းရှောင်ကြရမည်ကို စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံ မေးမြန်းချက်များအရသိရသည်။

KNU သထုံခရိုင်အတွင်း စစ်ကောင်စီတပ်တို့က အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာခြင်းကြောင့် KNLA/KNDO ပူးပေါင်းတပ်တို့နှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်နေကြောင်း KNU ဘက်က ထုတ်ပြန် ထားသည်။

ယင်းအပြင် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုများလည်း ဆက်တိုက်ရှိလာခဲ့သည်။

KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း ပြီးခဲ့သည့် မေလတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၇၁ ဦး သေဆုံးခဲ့သလို KNLA ပူးပေါင်းအဖွဲ့ဘက်ကလည်း ၂ ဦး ကျဆုံးခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ပါရှိသည်။