စပါးပျိုးသွားပို့သော လှေနစ်မြုပ်၊ အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးပျောက်ဆုံး

0
816

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင် ယမန်နေ့(ဇွန် ၁၀)နံနက် ကိုးနာရီ ကျော်ဝန်းကျင်ခန့်က စပါးပျိုးနှင့် ဓာတ်မြေဩဇာ တင်ဆောင်လာသော စက်လှေနစ်မြုပ်သဖြင့် လှေပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

သကျက်တောအော်ပြင်တွင်ရှိသော လယ်ထဲသို့ စပါးပျိုးနှင့် ဓာတ်မြေဩဇာသွားရောက် ပို့ဆောင်ခြင်းဖြစ်ပြီး လှေနစ်မြုပ်ရာတွင် လယ်ရှင်ဦးမြင့်သန်း၏ အသက် ၂၂ နှစ်အရွယ်ရှိသမီး ဖြစ်သူသေဆုံးပြီး၊ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး (ဦးမြင့်သန်းအစ်မ၏ သမက်)မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က အနံလေးပေ၊အလျား ၁၂ ပေ ၊အနက် သုံးပေခန့်ရှိသည့် စက်တပ်လှေငယ်တစ်စီးဖြင့် ဦးမြင့်သန်းပိုင်လယ်သို့ စပါးပျိုးအိပ် ဆယ်အိတ်ကျော်ခန့်နှင့် ဓာတ်မြေဩဇာ နှစ်အိတ်၊ လူငါးဦးစီးနင်း လိုက်ပါ‌သွားခြင်းဖြစ်သည်။

လှေပေါ်လိုက်ပါသွားကြသူများမှာ သမီးဖြစ်သူ မနှင်းဝတီလှိုင်၊ ဦးဌေးနိုင်စိုးနှင့်  ဆွေမျိုး ၃ ဦး စုစုပေါင်း ၅ ဦးဖြစ်သည်။

“လှေက ထွက်ကတည်းက ရေနဲ့သုံးလက်မလောက်ပဲကွာတယ် ပင်လယ်ဝဘက်က ပတ်မောင်းတယ်ဆိုတော့ လိုင်းရိုက်ချက်နဲ့ ရေဝင်ပြီးနစ်သွားတာ ဖြစ်ဖြစ်ခြင်း ဦးဌေးနိုင်စိုးက နှင်းဝတီလှိုင်ကို လိုက်ဆယ်ယင်း လိုက်ဆယ်ယင်း နှစ်ယောက်စလုံးနစ်သွားတယ် “ဟု လှေပေါ်လိုက်ပါခဲ့သူ၏ ပြောပြချက်ကို  ဒေသခံတစ်ဦးကပြန်လည် ပြောဆိုသည်။

ကျန်အမျိုးသမီးတစ်ဦးနှင့် အမျိုသားနှစ်ဦးမှာ ရေကူးလွတ်မြောက်ခဲ့သည်။

ဦးဌေးနိုင်စိုးကို ယနေ့နံနက် ပိုင်းအထိ ဆက်လက်ရှာဖွေနေပြီး သေဆုံးသူ မနှင်းဝတီလှိုင်ကို မနက်ဖြန် ဇွန်လ ၁၂ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။