တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
345

Dawei Watch၊ (ဇွန် ၄ – ၁၀)

ဘင်္ဂလားဒေ့ရှ်က သိုလှောင်ရုံဝင်းတစ်ခုပေါက်ကွဲမှု လူ ၄၉ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း စီတာခွန်ဒါမြို့ရှိ သိုလှောင်ရုံဝင်းတစ်ခုတွင် ဇွန်လ ၄ ရက်နေ့တွင် ပေါက်ကွဲမှုဖြစ်ပွားမှု‌ကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်မှုသည် ကုန်သေတ္တာများထားရှိသော ခြံဝင်းအတွင်းရှိ ဓာတုပစ္စည်းများ ထည့်သွင်းထားသော ကုန်သေတ္တာတစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ဇွန်လ ၅ ရက်နေ့တွင် သေဆုံးမှုမြင့်တက်သွားခြင်းဖြစ်သည်။

Ref: CGTN

ဘရာဇီးတွင် ရေဘေးကြောင့် သေဆုံးသူ ၁၂၈ ဦးအထိမြင့်တက်

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းပါနမ်ဘူကိုပြည်နယ်နှင့်မြို့တော် ရစီဖာတွင် မေလ ၂၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများကြောင့် ဇွန်လ ၃ ရက်နေ့တွင် သေဆုံးသူ ၁၂၈ ဦးအထိရှိလာပြီဖြစ်သည်။

‌ရေဘေးကြောင့် လူ ၉၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မြူနီစီပယ်ဒေသ ၃၄ ခုတွင် အရေးပေါ်အခြေအနေကြေညာထားရကာ အသက်ရှင်နိုင်မည့် သူအားလုံးကို ကယ်တင်နိုင်ရန် ကြိုးစားလျက်ရှ်ိကြောင်း ဘရာဇီးအာဏာပိုင်များမှ ထုတ်ပြန်သည်။

Ref : China Xinhua News

ဂျာမနီတောင်ပိုင်းတွင် ရထားလမ်းချော်မှုကြောင့် ၄ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ

ဂျာမနီနိုင်ငံတောင်ပိုင်းတွင် ဇွန်လ ၃ ရက်နေ့တွင် ရထားတစ်စီးလမ်းချော်မှုကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် ရထားပေါ်၌ လူ ၆၀ ကျော်ရှိပြီး ၁၅ ဦးကို ဆေးရုံသို့ပို့ဆောင်ကုသပေးနေပြီဖြစ်ကြောင်း ရဲအရာရှိများမှ‌ဆိုသည်။

ရထားပေါ်တွင် ကျောင်းသားအများစုလည်း ပါဝင်နေပြီး သေဆုံးသူများ၏ အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း မီဒီယာများမှ ဖော်ပြထားသည်။

Ref: CNA

ကမ္ဘောဒီးယားတွင် ကိုဗစ်၁၉ ကင်းစင်ပြီဖြစ်ကြောင်း ကြေညာ

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်ပြီဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သော မေလ ဒုတိယအပတ်မှ ဇွန်လ ၈ နေ့အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ လျော့နည်းလာခဲ့ပြီး ရောဂါပိုးမတွေ့ရှိရသဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိင်ငံကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်တွင် ပါရှိသည်။

Ref: Khmer Times

ဥရောပသမဂ္ဂ၏ကြေညာချက်ကြောင့် I phone တွင် USB-C ကိုပြောင်းလဲအသုံးပြုရဖွယ်ရှိ

ဥရောပသမဂ္ဂ၏ ကြေညာချက်တစ်ရပ်ကြောင့် လက်ရှိ I Phone တွင် အသုံးပြုနေသော Apple ၏ Lightning power connector နေရာတွင် Android ၏ USB-C အားသွင်းကြိုးများကို လာမည့် ၂၀၂၄ ခုနှစ်တွင် ပြောင်းလဲအသုံးပြုရမည်ဖြစ်သည်။

စွန့်ပစ်ပစ္စည်းပမာဏကိုလျော့ချရန်အတွက် ၂၀၂၄ ခုနှစ်မှစ၍ အားသွင်းကြိုးအမျိုးအစားတစ်ခုတည်းကိုသာ အသုံးပြုရမည်ဟု ဥရောပသမဂ္ဂမှ ဇွန်လ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံတွင်ကြေညာခဲ့သည်။

ထိုကြေညာချက်သည် Apple Company ၏ ဆန်းသစ်တီထွင်မှုကို ထိခိုက်စေနိုင်ပြီး ဝယ်ယူသုံးစွဲသူများကိုလဲ ထိခိုက်စေနိုင်ကြောင်း ပြန်လည်ချေပပြောဆိုခဲ့သည်။

Ref: Daily Mail

အပူမိပြီး သေဆုံးခဲ့သော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ကို ကာတာအစိုးရမှ ဖုံးကွယ်ထား

နေ့အပူချိန် အလွန်ပြင်းထန်သော အာရပ်ပင်လယ်ကွေ့ဒေသတွင် အပူချိန်ကြောင့် သေဆုံးခဲ့ရသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ကို ကာတာအစိုးရမှ ဖုံးကွယ်ထားကြောင်း BBC ဆောင်းပါးတစ်ပုဒ်က ထောက်ပြထားသည်။

အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်ထက်များသော ကာတာနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၁၄ သန်းခန့်သည် အပူချိန်ကိုရင်ဆိုင်ပြီး အလုပ်လုပ်နေသော်လည်း အပူမိပြီးသေဆုံးသွားသောအရေအတွက်ကို ကာတာအာဏာပိုင်များမှ ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိခဲ့ပေ။

Ref: BBC

ထိုင်းတွင် ဆေးခြောက်ကို တရားဝင်စိုက်ပျိုးခွင့် ရပြီ

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်မှပယ်ဖျက်ပြီး တရားဝင်စိုက်ပျိုးခွင့်နှင့် ကုန်သွယ်ခွင့်ကို ဇွန်လ ၉ ရက်နေ့မှစ၍ အတည်ပြုလိုက်သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ဆေးခြောက်ကို တရားဝင် စိုက်ပျိုး ကုန်သွယ်ခွင့်ပေးသော ပထမဆုံးနိုင်ငံဖြစ်ပြီး အပန်းဖြေအဖြစ် အလွန်အကျွံသုံးစွဲခြင်းကို ကန့်သတ်ထားခဲ့ဖြစ်သည်။

Ref: Bangkok Post

ရှို့မီးအဖြစ် သံသယရှိသော တောင်ကိုးရီးယား ဥပဒေအကျိုးဆောင်ရုံး မီးလောင်မှုကြောင့် လူ ၇ ဦးသေဆုံး

တောင်ကိုးရီးယားနိုင်ငံ ဒဲဂုမြို့တွင် ဥပဒေအကျိုးဆောင်ရုံးတစ်ခု ရှို့မီးဟု ယူဆရသော မီးလောင်မှုတစ်ခု ဇွန်လ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးကာ ၄၆ ဦးဒဏ်ရာရရှိခဲ့သည်။

အသက် ၅၀ အရွယ် မီးရှို့သူဟု ယူဆရသောသူသည် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးသွားခဲ့ပြီး မီးရှို့ရသောအကြောင်းအရင်းကို မသိရှိရသေးပေ။

မီးလောင်ရာနေရာကို မီးသတ်တပ်ဖွဲ့မှ မိနစ် ၂၀ ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး အဆောက်အအုံအတွင်း ရုံးဝန်ထမ်းများကို ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

Ref: The Korea Times