လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လောင်းလုံးမြို့နယ် မြခါးပတ်ရွာတွင် ယနေ့ (ဇွန် ၉ )နံနက်ပိုင်းက အသက် လေးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပစ်ခတ်ခံရသူမှာ မြခါးပတ်ရွာတွင် နေထိုင်သော ဦးဌေးဝင်းဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းနေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားစဉ် ယင်းကျေးရွာသို့ ဝင်ရောက်ရာလမ်းထိပ်တွင် ပစ်ခတ်ခံရခြင်းဖြစ်‌သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ရွာထိပ်မှာပါ သုံးချက်ထိတယ်လို့ကြားတယ်။ ရင်ဖက်မှာကတစ်ချက် လက်မောင်းမှာကတစ်ချက် ခြေထောက်မှာတစ်ချက်က ထုတ်ချင်းပေါက်သွားတယ်”ဟု ၎င်းကပြောသည်။

ဦးဌေးဝင်းဆိုသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတင်းပေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သွားလာလေ့ရှိသူဖြစ်ကြောင်း အခြားဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ယင်းပစ်ခတ်မှုကြောင့် အဆိုပါအမျိုးသားမှာ စိုးရိမ်ဒဏ်ရာရရှိပြီး ထားဝယ်တွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်းကလည်း ယင်းကျေးရွာအနီး  ဟင်းချိုတောရွာတွင် ဒလန်ဟုဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး ထားဝယ်တွင် ဆေးကုသမှုခံယူနေရသည်။

 အဆိုပါပစ်ခတ်မှု နှစ်ခုစလုံးကို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ဆိုခြင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြခါးပတ်ကျေးရွာသည် ထားဝယ်ဒေသ၏ အထင်ကရ ရှင်ကိုးရှင်သမိုင်းဝင် ရှင်မော်ဘုရားသို့ သွားရာကားလမ်းမ၏ အနောက်ဘက် တစ်ဖါလုံခန့်တွင် တည်ရှိသည်။