မော်လမြိုင်တွင် ပစ်သတ်ခံရသူသည် WHO ဝန်ထမ်းဖြစ်နေ

0
337

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပစ်သတ်ခံရသည့် ဦးမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝန်ထမ်းဖြစ်ကြောင်း WHO မြန်မာရုံးက ထုတ်ပြန်ထားသည်။

ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင် ကျွန်ုပ်တို့ WHO မှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ် အသက်ဆုံးရှုံး သွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါးကြာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။

မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ မျိုးမင်းထွဋ်ကို ၎င်းတို့အဖွဲ့က ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မျိုးမင်းထွဋ်သည် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဆွေမျိုးတော်စပ်သူဖြစ်ပြီး ဧည့်စာရင်း စစ်ဆေးရာတွင် ဦးဆောင်ပါဝင်တတ်ခြင်း၊ CDM ဝန်ထမ်းမိသားစုများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ သက်ငယ်မုဒိမ်းကျူးလွန်ခြင်းတို့ကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားချက်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရသည့် ဖြစ်ရပ်၏ အသေးစိတ်အခြေအနေကို အတိအကျမသိရသေးကြောင်း WHO ထုတ်ပြန်ထားသည်။

ဦးမျိုးမင်းထွဋ် သေဆုံးသွားသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်ဟုလည်း WHO က ထုတ်ပြန်ထားသည်။