ဝန်ခံကတိထိုး၍ အလုပ်ပြန်ဝင်ရန် CDM ဆရာ၊ ဆရာမများကို ထပ်မံခေါ်ယူ

0
1360

သင်ကြားရေးဆရာ အင်အားမလုံလောက်သဖြင့် CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ဆရာဆရာမများ အလုပ်ပြန်ဝင်နိုင်မည့် အယူခံဝင်ရက်ကို ဇွန်လ ၁၄ ရက်အထိ ထပ်မံတိုးမြင့်လိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်သား ၅ သန်းကျော် ကျောင်းအပ်နှံထားကြောင်း ကြေညာပြီးနောက် သင်ကြားရေးဆရာဆရာမများ လိုအပ်လျက်ရှိနေသဖြင့် ပြန်လည်ဝင်ရောက်ကြရန် ၃ ကြိမ်အထိ ခေါ်ယူခြင်းဖြစ်သည်။

ဆရာအင်အား မလုံလောက်သဖြင့် အသက် ၆၀ ပြည့်ပြီးသော ဆရာ/ဆရာမကြီးများကို လည်း ပင်စင်ယူခွင့်မပြုဘဲ ဆက်လက်တာဝန်ထမ်းဆောင်ခိုင်းကြောင်း အသက် ၆၀ ကျော် ဆရာမတစ်ဦးကဆိုသည်။

စစ်ကောင်စီက ပထမအကြိမ်အဖြစ် မေလ ၃၁ ရက်နေ့မတိုင်ခင် CDM ဆရာဆရာမများ အယူခံဝင်နိုင်ကြောင်း ကြေညာခဲ့သော်လည်း ဆက်သွယ်သူဦးရေ ၂၄၈၂ ဦးသာ ရှိခဲ့သဖြင့် ဇွန်လ ၇ ရက်နေ့အထိ အယူခံရက်ကို ထပ်မံတိုးမြင့်ခဲ့သည်။

ဒုတိယအကြိမ်တွင် ၄၀၀ ခန့်ထပ်မံဆက်သွယ်လာသဖြင့် အယူခံဝင်ရန် လာရောက်ဆက်သွယ်သူမှာ ၂၉၆၀ ဦးအထိရှိခဲ့သည်။

‌အကြောင်းအမျိုးမျိုးဖြင့် လုပ်ငန်းခွင်ပြန်ဝင်ရန် ပြန်လည်ဆက်သွယ်လာသူ ၂၀၀၀ ကျော်တွင် စစ်ဆေးမှု အဆင့်ဆင့်ပြုလုပ်ပြီး ဆရာဆရာမဦးရေ ၅၀ ကျော်ကိုသာ ပြန်လည် ခန့်အပ်တာဝန်ပေးသေးကြောင်း စစ်ကောင်စီမှ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

“အရင် CDM လုပ်ပီးသားတွေပြန်ဝင်မှာဆိုတော့ ချက်ချင်းပြန်မခန့်ဘူး၊ ပြန်စစ်ဆေးတာ၊နောက်‌ကြောင်းတွေပြန်လိုက်တာရှိတယ်၊‌ နောက်ပြီး ကတိဝန်ခံချက်မှာ လက်မှတ်ထိုးခိုင်းပြီးမှ ပြန်ခန့်မဲ့သဘောရှိတယ်”ဟု အလုပ်ပြန်ဝင်ရန် လက်မှတ်ထိုးလိုက်သော အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

အလုပ်ပြန်လည်ဝင်ရောက်လိုကြောင်း လျှောက်လွှာကို ဖြည့်စွက်ရာတွင် CDM ပြုလုပ်ရသည့်အကြောင်းအရင်းအပြင် တရားစွဲဆိုခံရခြင်းရှိမရှိ ကိုပါဖြည့်စွက်၍ အယူခံတင်သွင်းရခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်လိုသော CDM ဆရာမများသည် နိုင်ငံတော်ကျေးဇူးကိုစောင့်သိ၍ နိုင်ငံတော်အားဆန့်ကျင်သည့်လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင့် တာဝန်ပေးအပ်သည့် နေရာတွင်သာ ပြန်လည်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ ရေးထိုးရမည်ဟု လျှောက်လွှာတွင် ဖော်ပြထားသည်။

အလုပ်ပြန်လည်ဝင်ရောက်လိုသော CDM ဆရာဆရာမများအနေဖြင့် နီးစပ်ရာ ပညာရေးမှူးရုံးများတွင် အယူခံဝင်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းအပ်နှံသူဦးရေ ၁၄၀၀၀၀ ကျော်အထိရှိသည်ဟု စစ်ကောင်စီမှ ကြေညာထားသော်လည်း ယခုနှစ်အတွင်း ဆရာဆရာမအသစ်ဦးရေ ရာဂဏန်းခန့်သာ ထပ်မံခန့်ထားနိုင်ခဲ့သေးသဖြင့် ဆရာလိုအပ်ချက်များစွာ ရှိနေသေးသည်။

အာဏာမသိမ်းခင်ကာလတွင် တနင်္သာရီတိုင်းတွင် အခြေခံပညာ ဆရာဆရာ ၁၅၀၀၀ ကျော်ရှိသော်လည်း ယခုအချိန်အထိ CDM ဝင်ထားသည့် ဆရာဆရာမ ၇၀၀၀ ကျော်ရှိနေသေးကြောင်း သိရှိရသည်။