ကျွန်းစုဘုရားဖူးခရီးသည် ပစ်သတ်ခံရမှု မိမိတို့လုပ်ဆောင်ခြင်းမဟုတ်ဟု ဒေသခံ PDF အဖွဲ့ထုတ်ပြန်

0
733

ကျွန်းစုဘုရားဖူးခရီးသည် ပစ်သတ်ခံရမှုမှာ မိမိတို့အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဟု မြစ်ချေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KCDF)က ယနေ့ (ဇွန် ၈) ထုတ်ပြန်လိုက်သည်။

ပုဂံဘုရားဖူးသွားရောက်ခဲ့သည့် ကျွန်းစုဒေသခံမိသားစု စီးလာသည့်ကားကို ဇွန်လ ၇ ရက်နေ့နံနက်က ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အတက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကားရှေ့စီးနင်းလိုက်ပါလာသူ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး မိမိတို့အဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ယင်းလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း မြစ်ချေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မိဘပြည်သူများနှင့် မိမိတို့ကာကွယ်ရေးတပ်ဖွဲ့အကြား စိတ်ဝမ်းကွဲစေမည့် စကားလုံးများအား လူမှုမီဒီယာများပေါ်တွင် တင်ထားသည်ကို တွေ့ရှိရပါသဖြင့် ပြည်သူများ အထင်အမြင်လွဲမှားမှု မဖြစ်စေရန် ထုတ်ပြန်ရခြင်းဖြစ်ပြီး အသက်ဆုံးရှုံးရသည့် ပြည်သူအတွက် မိမိတို့အဖွဲ့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သေဆုံးသူသည် ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ကျေးရွာနေ ဦးသန်းမြင့် ဖြစ်ပြီး ၎င်းနှင့်အတူ စီးနင်းလာသည့်မိသားစုမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

ယခုအခါ ၎င်း၏ရုပ်အလောင်းအား မြိတ်မြို့သို့ သယ်ဆောင်လာနေပြီဖြစ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းများကပြောသည်။

သေဆုံးသူသည် မြိတ်မြို့နှင့်ကျွန်းစုမြို့နယ်၊ ရှော်တောမှော်ကျေးရွာသို့ ပြေးဆွဲသည့် ခရီးသည်တင်လှေ လုပ်ငန်းလုပ်ကိုင်သူ တဦးဖြစ်သည်။

ယင်းသေဆုံးမှုကို မည်သည့်အဖွဲ့က မည်သည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လက်ရှိအချိန်အထိ မသိရသေးပေ။