လူသေသည်အထိ နှိပ်စက်စစ်ကြောခဲ့သူ ထိုင်းရဲချုပ်ဟောင်းကို ထောင်ဒဏ်တစ်သက်ချမှတ်

0
360
ဓာတ်ပုံ - coconuts/thaiexaminer

အဖမ်းခံထားရသူကို နှိပ်စက်စစ်ကြောသဖြင့် လူသေသွားခဲ့ဖူးသော ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး၊ ရဲများ၏ ရက်စက်မှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး မကျေနပ်ဖြစ်သွားစေခဲ့သည့် ထိုင်း ရဲချုပ်ဟောင်းကို ယခုအခါ ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။

သီတီစန်အူထနာဖွန် ဟု အမည်ရသော အဆိုပါ ရဲအရာရှိကြီးသည် ဇိမ်ခံပြိုင်ကားပေါင်းများစွာကိုပိုင်ဆိုင်ပြီး ၎င်းအား ဂျိုးဖာရာရီဟု အမည်ပြောင်ပေးထားကြသည်။

မူးယစ်ဆေးဝါး တရားခံဟု ဖမ်းဆီးထားသော အသက် (၂၄) နှစ်အရွယ် လူငယ်တစ်ဦးကို ခေါင်းအား ပလတ်စတစ်စွပ်ကာ နှိပ်စက်နေသည့် ဗီဒီယို ပေါ်ထွက်လာပြီး အဆိုပါ လူငယ် သေဆုံးသွားပြီးနောက် ၎င်း အဖမ်းခံရခြင်း ဖြစ်သည်။

အသက် (၄၁) နှစ်အရွယ် ရဲချုပ် သီတီစန်အူထနာဖွန် ကို နှိပ်စက်ညှင်းပန်းမှုဖြင့် သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သေဒဏ်ကို ထောင်ဒဏ် တစ်သက်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

စစ်ကြောရေးတွင် ပါဝင်ခဲ့သည့် အခြားအရာရှိ ၆ ဦးအနက် ၅ ဦးကို လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။ ကျန်အရာရှိကမူ ဖြစ်စဉ်အား ဖော်ထုတ်ထွက်ဆိုသွားသဖြင့် လျော့နည်းသော ပြစ်ဒဏ်ပေးခဲ့သည်။

နှိပ်စက်ညှင်းပန်းနေသည့် ဗီဒီယိုဖိုင် ထွက်လာပြီးနောက် ရဲချုပ်သည် ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

တရားခံကို စစ်ကြောနေစဉ် ပြန်လွှတ်ပေးစေချင်ပါက ဘတ်ငွေ (၂)သန်းပေးရန်တောင်းခဲ့ပြီး မပေးနိုင်သဖြင့် ရက်ရက်စက်စက် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများက ရေးသားထားကြသည်။