ဟင်းချိုတောရွာတွင် ဒလန်ဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ

0
516

လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာအုပ်စု၊ ဟင်းချိုတော‌ရွာတွင် ဇွန်လ ၇ ရက် နေ့လယ်ပိုင်းက ဒလန်ဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ယင်းကျေးရွာသူ ဒေါ်မိစန်းယုဆိုသူဖြစ်ပြီး သံလျင်ကျေးရွာ ဥယျာဉ်ခြံတစ်ခုထဲသို့ ထီဖိုး ငွေကောက်ရန်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက ဒလန်ဆိုပြီး နာမည်တော်တော်ထွက်တယ်။ နှစ်လုံးထီ၊ သုံးလုံးထီရောင်းတယ်။ အရင်က သုံးယောက် ဖမ်းဆီးခံရတာလည်း သူကြောင့်ပဲ” ဟု ၎င်းက ပြောဆိုသည်။

သုံးဦး ဖမ်းဆီးခံရသည့် ဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်၍မူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါသေနတ်ပစ်ခံရသော အမျိုးသမီးမှာ စိုးရိမ်ရပြီး အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ထားကာ ဆေးကုသခံယူနေရကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

ယင်းအမျိုးသမီးအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ဆိုသည်ကိုမှု မသိရသေးပေ။

ယင်းနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သဗြေရှောင်စာသင်ကျောင်းရှေ့သို့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်၍ ပြန်လည် ထွက်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယင်းသို့ ထွက်သွားရာ လမ်းပိုင်းရှိ ကျေးရွာများဖြစ်သည့် ကဒက်ကြီး၊ ညင်းမော်၊ မင်းရပ်၊ သာယာကုန်း ကျေးရွာများတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ဖောက်သွားကြကြောင်း ၎င်းတို့က ပြောဆိုသည်။