တနင်္သာရီတိုင်းတွင် မေလအတွင်း နေအိမ် ရှစ်လုံးမီးရှို့ခံရ

0
344

တနင်္သာရီတိုင်းတွင် မေလအတွင်း နေအိမ် ရှစ်လုံး မီးရှို့ဖျက်ဆီးခံရကြောင်း Data for Myanmar အဖွဲ့က ဇွန်လ ၆ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ‌မေလ ၃၀ ရက်အထိ စာရင်းအရ တနင်္သာရီတိုင်းတွင် မီးရှို့ခံရသည့်နေအိမ်အရေအတွက် ၄၅ လုံးရှိကြောင်း ယင်းအဖွဲ့စာရင်းအရ သိရသည်။

၂၀၂၂ ခုနှစ် မေလတွင် နောက်ထပ် ၈ ဆောင်ထပ်တိုးလာပြီး စုစုပေါင်း တနင်္သာရီတိုင်းအတွင်း ‌မီးရှို့ဖျက်ဆီးခံရသည့်နေအိမ် ၅၃ လုံးသို့ တိုးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထပ်တိုးလာသည့်ကျေးရွာများမှာ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာတွင် နေအိမ် ၄ လုံး၊ ပုလောမြို့နယ် စက်တော်ရာကျေးရွာတွင် ‌၄ လုံး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် နေအိမ် ၁၁,၄၁၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မေလအကုန်တွင်မူ ၇၄၆၉ လုံး ထပ်တိုးလာခဲ့သည်။

ယင်းအတွက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မေလကုန်အထိ မီးရှို့ဖျက်ဆီးခံရသည့်နေအိမ် ၁၈,၈၈၆ လုံး ဖြစ်လာခဲ့သည်။

သတင်းမီဒီယာများနှင့် ဒေသခံလူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် ပြန်လည်စိစစ်ကာ အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်စာရင်းကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

အချက်အလက် မပြည့်စုံသည်များကို ချန်ထားခဲ့ရသောကြောင့် မြေပြင်တွင် မီးရှို့ခံရသည့်နေအိမ် ပိုများနိုင်ကြောင်းလည်း ဖော်ပြထားသည်။

မြို့နယ်အချို့တွင်မူ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ခြင်း၊ ဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင်း အစီရင်ခံစာ ထုတ်ပြန်သည့် အချိန်အထိ စာရင်းမငြိမ်သေးဘဲ ကျန်ရစ်သည့်နေအိမ်အချို့ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမီးရှို့ခံရသည့် နေအိမ်များမှာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

Data for Myanmar အဖွဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်များနှင့်ပတ်သတ်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ထုတ်ပြန်ထားခြင်း မရှိသေးပေ။