ပုလော မင်းထိန်ရွာက ဖမ်းဆီးခံရသူ သုံးဦး ပြန်မလွတ်သေး

0
382

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခံရသူ အမျိုးသားခုနစ်ဦးအနက် လေးဦး လွတ်မြောက် လာပြီဖြစ်သော်လည်း သုံးဦး ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသူ ခြောက်ဦးနှင့် မေလ ၃၀ ရက်နေ့က တစ်ဦး ရှိခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် ဦးမောင်လွင်အပါအဝင် လေးဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများ ကဆိုသည်။

“ကျန်တဲ့ သုံးဦးကတော့ အခြေအနေ အကျိုးအကြောင်း မသိရသေးပါဘူး” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

မေလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရသူ ခြောက်ဦးအနက် သုံးဦးမှာ ပြန်လည် မလွတ်မြောက်သေးခြင်း ဖြစ်သည်။

အဆိုပါရွာသားသုံးဦး၏ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး ၎င်းတို့မိသားစုများနှင့် ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်သည်။

မေလ ၁၃ ရက်ညက မင်းထိန်ကျေးရွာအနီးတွင် မြိတ်မြို့မှ တက်လာသည့် စစ်ကောင်စီတပ်ကား ခုနစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နံနက် ၄ နာရီခွဲတွင်လည်း ထားဝယ်မြို့မှ ဆင်းလာသည့် ကား ၁၆ စီးပါ စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံခဲ့ရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေး အင်အားစု (PRDF) က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပြီး ၂ ရက်ခန့်အကြာတွင် ဗုံးပေါက်ကွဲသည့် အနီးအနား နေအိမ်များမှ အမျိုးသား ခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ခေါ်ဆောင်သွားခြင်းခံရသူများသည် ရွာတွင် အေးအေးဆေးဆေးနေတတ်ပြီး လယ်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်ကြသူများဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

မေလ ၃၀ ရက်နေ့က အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အသက် ၆၀ အရွယ် ဦးမောင်လွင်အား မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးစစ်ဆေးခဲ့သည်ကိုမူ သီးခြားအတည် မပြုနိုင်သေးပါ။

မြိတ်-ပုလော ပြည်ထောင်စုလမ်းမပေါ်ရှိ မင်းထိန်၊ ကဒဲ၊ ပဝတ်ကုန်းကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ကား များ မကြာခဏ မိုင်းဆွဲခံရလေ့ရှိပြီးနောက် ရွာသားများကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ယာဉ်တန်းမိုင်းဆွဲခြင်းကို ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကပြုလုပ်လေ့ရှိပြီး ယင်းသို့ ပြုလုပ်ပြီးတိုင်း ဖြစ်စဉ်ကို ထုတ်ပြန်ကြေညာလေ့ရှိသည်။

ဇွန်လ ၆ ရက်ကမူ တနင်္သာရီမြို့နယ်မှ ပုလောဖက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကားတန်းအား မင်းထိန်ရွာအနီးတွင် တောကြီးမြွှေဟောက် King Cobra Force အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။