အိန္ဒိယအာဏာရပါတီ၏ ပြောခွင့်ရအရာရှိနှင့် အာရပ်နိုင်ငံများ သံတမန်ခင်းတင်းမာ

0
300
ဓာတ်ပုံ - BBC

အိန္ဒိယတွင် အာဏာရရှိထားသော BJP ပါတီ၏ ထိပ်တန်းအရာရှိနှစ်ဦးပြောဆိုခဲ့သော ဘာသာရေးအရ အငြင်းပွါးဖွယ် မှတ်ချက်များ နှင့် ပတ်သက်၍ သံတမန်ရေးအရ မကျေနပ်မှုများ အစ္စလာမ်နိုင်ငံများက တုံ့ပြန်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။

အဆိုပါ မှတ်ချက်အပေါ် ရှုတ်ချကြောင်း ယူအေအီး၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ မော်ဒိုက်၊ ဂျော်ဒန်၊ လစ်ဗျား နှင့် ဘာရိန်းတို့က ကြေညာထားသည်။

ကူဝိတ်၊ အီရန် နှင့် ကာတာတို့က အိန္ဒိယနိုင်ငံသံအမတ်ကို ဆင့်ခေါ်ကာ ၎င်းတို့၏ ကန့်ကွက်ချက်ကို ပေးပို့ခဲ့ပြီး ဆော်ဒီအာရေးဗီးယားက ပြင်းထန်သော စကားလုံးများသုံးကာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသံတမန်များက အဆိုပါနိုင်ငံများကို ဖြေရှင်းချက်များ ပေးနေခဲ့သော်လည်း မကျေနပ်မှုများက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။

ဟိန္ဒူအမျိုးသားရေးပါတီ BJP ၏ ပြောခွင့်ရအရာရှိဖြစ်သူ မစ်စ်နူပါရှာမာက အစ္စလာမ်ဘာသာ၏ တမန်တော်ကို ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ကာ ယခုအခါ ၎င်းကို တာဝန်မှဆိုင်းငံ့ထားသည်။

ပါတီ၏ နယူးဒေလီရုံးချုပ် မီဒီယာဌာန အကြီးအကဲ နာဗင်းဂျင်ဒယ်က ရန်လိုသော အရေးအသားများကို twitter တွင် တင်ခဲ့သေးသည်။

၎င်းတို့ ရေးသား ပြောဆိုမှုများသည် အမုန်းပွါးစေသော စကားများ ပါဝင်သောကြောင့် မီဒီယာများက ပြန်လည်ဖော်ပြခြင်း မရှိပေ။

ယခုကာလတွင် အိန္ဒိယနိုင်ငံ၌ ဟိန္ဒူအမျိုးသားရေး တက်ကြွလှုပ်ရှားသူများအကြား အစ္စလာမ်ဘာသာဝင် များအပေါ် တင်းမာသည့် သဘောထားများ မြင့်တက်လျက် ရှိသည်။