ထိုင်းတွင် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ၊ ကားလမ်းချော်မှုကြောင့် ရှစ်ဦးဒဏ်ရာရ

0
452

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၆၀ ကျော် ဖမ်းဆီးခံရပြီး ထိုင်းရဲများက တားဆီးစဉ် ကားမောင်းထွက်ပြေးရာ အရှိန်လွန်ကာ ကားလမ်းချော်သည့်ဖြစ်စဉ်တွင် မြန်မာရှစ်ဦး ဒဏ်ရာရကြောင်း Bangkok Post သတင်းတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထို့ဖာ့ဖုမ်း (Thong Pha Phum) မြို့နယ်အတွင်းရှိ နေရာလေးခုတွင် ဇွန်လ ၆ ရက်က မြန်မာအလုပ်သမား ၆၆ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကိုကားကာ ယင်းသတင်းတွင် ဖော်ပြသည်။

ယင်းအနက် ဖြစ်စဉ်တစ်ခုမှာ ထို့ဖာ့ဖုမ်းမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွင် အရှိန်ဖြင့်မောင်းလာသော ဟွန်ဒါကား တစ်စီးကို စစ်ဆေးရန် ရဲတပ်ဖွဲ့က ရပ်တန့်ခိုင်းသော်လည်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ယင်းနောက် အဆိုပါကားသည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းချော်သွားပြီး ကားပေါ်ရှိ ကားသမားအပါအဝင် ကားပေါ် လိုက်ပါလာသည့် မြန်မာအလုပ်သမား ရှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရကြောင်း Bangkok Post သတင်းတွင်ဖော်ပြသည်။

ဒဏ်ရာရရှိသော မြန်မာအလုပ်သမား ရှစ်ဦးတွင် အမျိုးသားသုံးဦး၊ အမျိုးသမီးငါးဦး ပါဝင်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

အထက်ပါ မြန်မာအလုပ်သမားများသည် လွန်ခဲ့သော ၃ ရက်က ဘုရားသုံးဆူလမ်းမှတစ်ဆင့် ကန်ချနဘူရီခရိုင်၊ စန်ခရာဘူရီမြို့နယ်အတွင်းသို့ တောလမ်းအတိုင်း လမ်းလျှောက်လာခဲ့ပြီးနောက် အဆိုပါကားဖြင့် လိုက်ပါလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ဖားဖုမ်းမြို့နယ် အခြားနေရာသုံးခုတွင် မြန်မာအလုပ်သမား ၅၈ ဦး အဖမ်းခံရပြီး ယင်းအနက် အမျိုးသား ၃၅ဦး၊ အမျိုးသမီး ၂၅ ဦးပါဝင်သည်။  

မြန်မာအလုပ်သမားတို့မှာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်တို့မှလာရောက်ခြင်းဖြစ်ပြီး စမူစခွန်၊ ရယွန်၊ ကန်ချနဘူရီ၊ ဘန်ကောက် ခရိုင်များတွင် အလုပ်ရရှိရန်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ကုန်ကျခဲ့ကြောင်း သတင်းတွင် ဖော်သည်။

အထက်ပါ ဖမ်းမိသည့် မြန်အလုပ်သမားများကို ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများကိုလည်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်ရန်အတွက် ကူညီပေးမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။