မလေးရှားရောက်ပြီဟုဆိုကာ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းကျွန်းတစ်ခုတွင် စွန့်ပစ်ထား

0
281
Ro

မလေးရှားရောက်ပြီဟုဆိုပြီး ထိုင်းနိုင်ငံရှိ ကျွန်းတစ်ကျွန်းတွင် ရိုဟင်ဂျာ ၅၉ ဦးကို လာရောက်စွန့်ပစ်ထားသည်ကို ထိုင်းအာဏာပိုင်များက ဇွန်လ ၄ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post ကသတင်းဖော်ပြသည်။

ရိုဟင်ဂျာ ၅၉ ဦးတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦး နှင့် ကလေး ၅ ဦးတို့ပါဝင်ပြီး ထိုင်း-မလေးရှား နယ်စပ်ရှိ ထိုင်းနိုင်ငံပိုင် ကော့ဒွန်းကျွန်းပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပြီး သတင်းပေးချက်အရ စနေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ၎င်းတို့ကို အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်‌သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးမည်ဖြစ်ပြီး ၎င်းတို့သည် လူကုန်ကူးခံရခြင်းလည်းဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆနေကြသည်။

ရိုဟင်ဂျာများသည် ယခုလက်ရှိအခြေအနေကို သူတို့ကိုယ်တိုင်နားမလည်ဖြစ်နေပြီး သူတို့ ယင်းကျွန်းတွင် ဘာကြောင့် ဆင်းနေခဲ့သည်ကိုလည်း နားမလည်ဖြစ်နေကြောင်းဆိုသည်ဟု ထိုင်းအာဏာပိုင်များကပြောသည်။

ရိုဟင်ဂျာများကို မေးမြန်းသောအခါ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့် လာခြင်းဖြစ်ပြီး မလေးရှားသို့ ဦးတည်သွားရန်ရည်ရွယ်ထားသည်ဟု ဆိုသည်။

သို့သော် လှေသည် မလေးရှားသို့ရောက်ပြီဟုဆိုကာ ထိုကျွန်းပေါ်တွင် လွန်ခဲ့သောတစ်ပတ်ခန့်တွင် ချထားခဲ့ပြီး ပြန်ထွက်သွားခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

အဆိုပါ ရိုဟင်ဂျားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် ငါးဖမ်းလှေဖြင့် ထွက်ခွာလာပြီးနောက် ထိုင်းနိုင်ငံ ကော့ဒွန်းကျွန်းသို့ရောက်သောအခါ မလေးရှားပိုင်နက်သို့ရောက်ပြီဖြစ်၍ ဆင်းကြရန် လှေမောင်းသမားမှပြောကြားသည်ဟု ထိုင်းအာဏာပိုင်များက ဇွန်လ ၅ ရက်နေ့တွင် ရှင်းလင်းတင်ပြသည်။

၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဟုလည်း ၎င်းကထပ်မံပြောဆိုသည်။

စစ်ဆေးမေးမြန်းပြီးနောက် ‌၎င်းတို့ကို စတုန်ခရိုင်အတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီး တရားမဝင် ဝင်ရောက်မှုကြောင့် နယ်စပ်စစ်ဆေးရေးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ထိုင်းအာဏာပိုင်များကထုတ်ပြန်သည်။