ထိုင်းတွင် ၁၃ နှစ်ကြာ အဓမ္မခိုင်းစေခံရသည့် ထားဝယ်သူလေးအမှု ၆ လကြာသည်အထိ တရားရုံးမတင်နိုင်သေး

0
386
ဓာတ်ပုံ - ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၃ နှစ်ကြာ ပိတ်လှောင်ကာ အိမ်ဖော်အဖြစ် အတင်းအကျပ် ခိုင်းစေခံရသည့် ထားဝယ်သူလေး မသဉ္ဇာဝင်းအမှုမှာ ၆ လကြာလာသည်အထိ တရားရုံးမတင်နိုင်သေးကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မိန်းကလေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်‌နေ့တွင် ထိုင်းထောက်လှမ်းရေး အဖွဲ့တစ်ခုဖြစ်သော DSI(The Department of Special Investigation) အဖွဲ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

မသဉ္ဇာဝင်းကို ဘန်ကောက်မြို့ စွင်လန်း(Suan Laung)မြို့နယ် ပါကမက် (Pakamas)အိမ်ရာအတွင်းရှိ နေအိမ်တွင် ဝင်ရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို ဖော်ထုတ်နိုင်ခဲ့သည်မှာ ၆ လကြာပြီဖြစ်သော်လည်း တရားစွဲဆိုနိုင်ရေးမှာ အချိန်လိုအပ်နေသေးကြောင်း သိရသည်။

သူမကို အဓမ္မခိုင်းစေသူများအား တရားစွဲနိုင်ရန် အချက်အလက်များ စုဆောင်းနိုင်ခဲ့သော်လည်း မသဉ္ဇာဝင်းမှာ အကြားအာရုံအားနည်းနေ၍ ဆေးကုသမှုခံယူနေသောကြောင့် တရားစွဲဆိုမည့်ရက်ကို သေချာမသိရသေးကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

“ကြာမယ့်အချိန်ကိုတော့ ခန့်မှန်းလို့မရသေးဘူး၊ သူစိတ်ပုံမှန်ပြန်ဖြစ်တဲ့အချိန်မှ သူ့ထွက်ဆိုချက် လိုနေသေးတယ်၊ ပြီးတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမယ်ဆိုတော့ ခန့်မှန်းရခက်တယ်” ဟု ဘန်ကောက်အခြေစိုက် အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မသဉ္ဇာဝင်းမှာ သူမ၏ မိဘအမည်နှင့် အမများ၏အမည်များကို မှတ်မိပြီး အငယ်ဆုံးညီမအမည်ကို မမှတ်မိဘဲဖြစ်နေကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမှုအတွက် အခက်အခဲအတားအဆီးများ ပေါ်လာနိုင်သည့်အတွက် အဓမ္မခိုင်းစေသူ၏ နေရာ၊ လူပုဂ္ဂိုလ်၊ ဌာန/အဖွဲ့အစည်း၏ အမည်များကို အသေးစိတ်ထုတ်ပြော၍ မရကြောင်း ယင်းသံအရာရှိရုံးမှ သိရသည်။

ထားဝယ်ဇာတိသူဖြစ်သော မသဉ္ဇာဝင်းမှာ ယခုအခါ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့သည့် ၁၃ နှစ်ကျော်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သူမကို မေးမြန်းထားချက်များအရသိရသည်။

မသဉ္ဇာဝင်းကို ထိုင်းအာဏာပိုင်များက မေးမြန်းရာတွင် ၎င်းကို ယင်းအိမ်အတွင်းသို့ ပထမဆုံးခေါ်လာခဲ့သည့်နှစ်ကို မမှတ်မိကြောင်း၊ သို့သော် ယင်းအိမ်ထဲတွင် ၁၃ နှစ်ကျော်သည်အထိ လုပ်ခလစာမရရှိပဲ အတင်းအကျပ်စေခိုင်းခံခဲ့ရကြောင်း သူမ၏ထုတ်ဖော်ပြောဆိုချက်တွင် ဖော်ပြထားသည်။

သူမကို ဝင်ရောက်ကယ်ဆယ်ခဲ့သည့် အချိန်တွင် မိန်းကလေးမှာ အားလုံးကို ကြောက်ရွံ့နေပြီး မောပန်းနေကြောင်း၊ သူမကို ယင်းအိမ်မှခေါ်ထုတ်သွားပေးရန် ငိုယိုပြီးပြောကြောင်း DSI တာဝန်ရှိသူများက Bangkok Post ကိုပြောကြားထားသည်။

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတားဆီးရေး ဥပဒေအရ အချက်အလက်မေးမြန်းရန်အတွက် နဂိုပုံမှန်အတိုင်း စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့ လိုအပ်သည်ဖြစ်ရာ သူမကို ကျန်းမာရေးကုသမှု ခံယူစေခဲ့ကြောင်း DSI ကပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့များက ဆယ်ကျော်သက်အရွယ် မြန်မာမိန်းကလေး အဆိုပါအိမ်ထဲသို့ မည်သို့ရောက်ရှိလာကြောင်းနှင့် ၁၃ နှစ်ကြာ အိမ်တွင်းအကြမ်းဖက်ခံရမှု အခြေအနေများကို ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း ပြောဆိုထားသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။