ပုလော မင်းထိန်ရွာအနီးတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရ

0
278

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကားတန်း ယနေ့ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ပြောဆိုချက်နှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် တောကြီးမြွှေဟောက်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမှာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တကူစစ်ကောင်စီတပ်မှ မွန်ပြည်နယ်ဘက်သို့ ရိက္ခာအပြည့် တင်ဆောင်လာသည့် စစ်ကောင်စီတပ်ကား ရှစ်စီးကို ယနေ့ (ဇွန် ၆) နံနက် ၁၀ နာရီခွဲခန့်က လက်လုပ်လိပ်မိုင်းတွဲ ခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း တောကြီးမြွှေဟောက်အဖွဲ့ (King Cobra Force) က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကားသုံးစီး ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းတို့အဖွဲ့မှာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းကွဲပြီးနောက် လက်နက်ငယ်များဖြင့် ၅ မိနစ်ခန့်ကြာ ဆက်တိုက်ပစ်ခတ်ခဲ့သည်ကို ကြားရကြောင်း ဒေသခံများက ပြောသည်။

“စစ်ကားတစ်စီး လမ်းဘေးထိုးကျသွားလို့ ပြန်ဆွဲတင်နေကြတယ်လို့ မြင်တဲ့သူတွေက ပြောနေကြတယ်။ ဒဏ်ရာရတဲ့ စစ်သားတွေလည်း ရှိတယ်လို့ ကြားရတယ်” ဟု မင်းထိန်ရွာသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မင်းထိန်ရွာနှင့် သင်္ကန်းတောရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ရှိလာနေသဖြင့် ရွာသားများ ဥယျာဉ်တောတောင်များအတွင်း ရှောင်တိမ်းနေကြရကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက် ည ၉ နာရီခန့်ကလည်း မင်းထိန်နှင့် ကဒဲရွာကြားတွင်
မြိတ်ဖက်မှ လာသည့် စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကိုလည်း “တောကြီးမြွှေဟောက်အဖွဲ့က ဦးဆောင်ပြီး Ghost Ranger အဖွဲ့၊ တနင်္သာရီပြောက်ကျားအဖွဲ့ စသည့် မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း King Cobra အဖွဲ့က ထုတ်ပြန်ထားသည်။  

မြိတ် – ပုလော ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ဒေသပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။