လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သထုံဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်

0
250
တိမ်းရှောင်ထွက်ပြေးကြရသည့် ဒေသခံများ

မွန်ပြည်နယ်၊ သထုံမြို့နယ် KNU (ကရင်အမျိုးသားအစည်းအရုံး)နယ်မြေအတွင်း လက်နက်ကြီးကျည်များ ကျရောက်နေခြင်းကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်သူများကဆိုသည်။

သထုံမြို့နယ်အတွင်း KNU တပ်ဖွဲ့နှင့်  စစ်ကောင်စီတပ်ဖွဲတို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး ဇွန်လ ၁ ရက်နေ့မှစကာ ဝီယော်ကျေးရွာတွင်  တပ်စွဲထားသည့် စစ်ကောင်စီ ခမရ အမှတ် (၉) တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။

လက်နက်ကြီးကျည်များ ကျရောက်သဖြင့်လက်ရှိတွင် ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာ တို့မှ ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 ”လက်နက်ကြီးတွေကိုကြောက်လို့ အချို့ကလည်း မြို့ပေါ်ကို တိမ်းရှောင်သွားကြတာ၊ တချို့ကလည်း အနီးအနားက ရွာတွေမှာပဲ  ခိုလှုံနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးတွင်းကာလဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းများအပြင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများလိုအပ်နေသည်ဟုလည်း ကူညီပေးနေသူများထံမှ သိရသည်။

သထုံခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်တို့အကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ဘီးလင်းမြို့နယ် KNU နယ်မြေရှိ ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်သဖြင့် ကျေးရွာ ၉ ရွာမှ  ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။