တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိ၊ ကျန်းမာရေးစောက်ရှောက်မူလိုအပ်

0
393
ဓာတ်ပုံ - ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့

တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် တစ်သောင်းကျော်ခန့် (၁၁၆၀၀) ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးစောက်ရှောက်မှု လိုအပ်လျက်ရှိကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယနေ့(ဇွန် ၆ ရက်) ထုတ်ပြန်သည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၂၀၀ ကျော်၊ သရက်ချောင်းမြို့နယ်တွင် ၁၀၀၀ ခန့်၊ ထားဝယ်မြို့နယ်တွင် ၁၂၀၀ ခန့်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုတွင် ၁၂၀၀ ခန့်၊ တနင်္သာရီမြို့နယ်တွင် ၈၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းစစ်ဘေးရှောင်များတွင် အခြေခံကျန်းမာရေးလိုအပ်ချက်နှင့် ဝမ်းပျက်၊ ဝမ်းလျှောကဲ့သို့သော ကူးစက်ရောဂါ၊ ခြင်မှတစ်ဆင့် ဖြစ်ပွားသည့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့်ရောဂါတို့ကို ကုသရန် ဆေးဝါးနှင့် ကုသပေးမည့် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူ အများအပြား လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

တိုက်ပွဲဖြစ်ရာဒေသများကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်သဖြင့် စစ်ရှောင်ပြည်သူများအကြား သတင်းအမှားပျံ့နှံ့ပြီး စိုးရိမ်စိတ်လွန်ကဲခြင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးခြင်းနှင့် အခြားသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မူများ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပညာသင်ယူခွင့်၊ လွတ်လပ်စွာဆော့ကစားခွင့်နှင့် ‌ပျော်ရွှင်စွာအသက်ရှင်သန်ခွင့်ဆုံးရှုံးနေသော စစ်ရှောင်ကလေးများကိုလည်း အားပေးကူညီဝန်းရံပေးရန် လိုအပ်လျက်ရှိနေသည်ဟုဆိုသည်။

ယင်းအပြင်တိုက်ပွဲများနှင့် အကျွမ်းတဝင်မရှိသော တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်များအတွက် တိုက်ပွဲအတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစပြီး စစ်ကာင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ ထောက်ကူပေးရေးအဖွဲ့ကို တိုက်ပွဲများမဖြစ်ခင် ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ တစ်နှစ်တိတိပြည့်ပြီဖြစ်သည်။