လယ်သစ်ရွာကို လက်နက်ကြီးများနှင့်ပစ်နေ၍ ဒေသခံများတိမ်းရှောင်

0
271
LaeThit

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာ အရှေ့ကမ်းဖက်သို့ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေ၍ ရွာသူ၊ရွာသားများဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။

လယ်သစ်ကျေးရွာ အနောက်ဘက်ကမ်းသို့ ဇွန်လ ၄ ရက်နေ့ညနေက စတင်ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲ ၂ နာရီကျော်ဝန်းကျင်ခန့်မှ စတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ၎င်းတို့ကပြောသည်။

“လက်နက်ကြီး ဆယ်ချက်လောက်ရှိတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်နေတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။

ယင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖက်က ပစ်ခတ်နေခြင်းဖြစ်ပြီး လယ်သစ်အရှေ့ကမ်းဖက်တွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ယခုညနေအထိ ပြန်လည်ပစ်ခတ်သည်ကို မကြားရသေးကြောင်း ဒေသခံများက ပြောသည်။

လယ်သစ်အနောက်ကမ်းမှ ရွာသားတစ်ချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည်ဟု ကြားရပြီး အသေးစိတ်ကို မသိရှိရသေးဟု ဒေသခံများ ကဆိုသည်။

လက်ရှိအချိန်တွင် လယ်သစ်အနောက်ကမ်းနှင့် အရှေ့ကမ်းတွင်နေထိုင်ကြသည့် ရွာသားများမှာ ဘေးလွတ်ရာ တောတောင်အတွင်း တိမ်းရှောင်နေကြရသည်။

လယ်သစ်ကျေးရွာ အရှေ့ကမ်း၊အနောက်ကမ်းပေါင်း အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း တိုက်ပွဲများဖြစ်ပွါးခဲ့သေးသည်။