လောင်းလုံး ကျောက်ပုံရွာတွင် သွေးသောက်အဖွဲ့ဝင်ဆိုသူ ပစ်သတ်ခံရ

0
522

လောင်းလုံးမြို့နယ် ကျောက်ပုံရွာက သွေးသောက်အဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦး ဇွန်လ ၄ ရက် ညပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဦးဖေအေးဆိုသူဖြစ်ပြီး ဇွန်လ ၄ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် နေအိမ်‌ပေါ်၌ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒဏ်ရာက ညာဖက်မျက်လုံးရယ်၊ ဘက်ဖက်ပခုံးရယ်၊ ဘယ်ခြေထောက်ရယ် ဖောက်ဝင် ဒဏ်ရာတွေ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းနောက် သကျက်တောရဲစခန်းက သေနတ်နှစ်ချက် ပစ်ဖောက်သံလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။

ဦးဖေအေးသည် အာဏာသိမ်းပြီးနောက် ဆန္ဒပြလူငယ်များကို ဓာတ်ပုံရိုက်ယူကာ စစ်ကောင်စီကို သတင်းပေးလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယင်းအပြင် ငွေကြေးလိမ်လည်ဟုဆိုသောကြောင့် ပြီးခဲ့သည်လပိုင်းက ‌ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေးထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

ဦးဖေအေးကို Dawei Defense Team (DDT) က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းသည် သွေးသောက်အဖွဲ့ဝင်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ပေးမည်ဟုဆိုကာ ပြည်သူများထံမှ ငွေကြေးလိမ်လည်ကောက်ခံနေသည်ဟုသိရ၍ ရှင်းလင်းရခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဖေအေး၏ ရုပ်အလောင်းကို ယနေ့ (ဇွန် ၅) နံနက်ပိုင်းက ထားဝယ်ဆေးရုံကြီးသို့ သယ်ဆောင်ကာ ရင်ခွဲစစ်ဆေးပြီးနောက် နေအိမ်သို့ပြန်လည်သယ်ယူသွားက ယနေ့မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။