ထားဝယ်မြို့က နေအိမ်တစ်လုံးတွင် ပါဆယ်ဗုံးပေါက်၊ လေးနှစ်ကလေးနှင့် မိခင်ဖြစ်သူ ဗုံးစထိမှန်

0
527

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဇွန်လ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ပါဆယ်ဗုံးပေါက်ကွဲသဖြင့် သားအမိနှစ်ဦး ဗုံးစထိမှန်ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။

ပါဆယ်ဗုံးပေါက်သည့်နေအိမ်မှာ ဦးနော်မိုး၊ ဒေါ်တင်လှိုင်တို့၏ နေအိမ်တွင်ဖြစ်ပြီး ဒေါ်တင်လှိုင်နှင့် ၎င်း၏ သားဖြစ်သူ အသက်လေးနှစ်အရွယ် ကလေးငယ်တို့ ဗုံးစထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

‌ကလေးတွင် မျက်နှာ၊ မျက်လုံးတို့ကို ထိမှန်ကာ မိခင်ဖြစ်သူ ဒေါ်တင်လှိုင်တွင်မူ ဝမ်းဗိုက်တွင် ထိမှန်ပြီး ထားဝယ်ဆေးရုံတွင် ဆေးကုသနေကြောင်း ယမန်နေ့က ဆေးရုံသို့ ကိုယ်တိုင်သွားကြည့်ခဲ့သူတစ်ဦးက ပြောသည်။

“ကလေးမှာက မျက်လုံးတွေမှာ ထိတယ်။ မျက်ဆံမှာတော့ မထိဘူး။ ကျွန်တော်တို့ သွားကြည့်တုန်းကတော့ ကလေးက မျက်လုံးဖွင့်လို့ မရသေးဘူး။ သူ့အမေမှာက‌တော့ ဗိုက်မှာ ထိထားတယ်။ နှစ်ယောက်စလုံး သက်သာနေတယ်” ဟု ၎င်းက ဆိုသည်။

ယင်း ပါဆယ်ဗုံးကို မည်သူက မည်သည့်အတွက်ကြောင့် ဖောက်ခွဲသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးနောင်မိုးဆိုသူမှာ လေးပြားလောင်းကစားဒိုင် လုပ်ကိုင်လေ့ရှိသူဖြစ်ကြောင်း အိမ်ရှေ့‌ပြင်ရပ်ကွက်နေသူ အချို့က ပြောသည်။

“အရပ်ထဲမှာ ပြောနေကြတာကတော့ လောင်းကစားလုပ်တာရှုံးလို့ ပိုက်ဆံမပေးနိုင်လို့ အခုလို လုပ်တာလို့ ပြောနေကြတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

ဗုံးထည့်သွင်းထားသည့် ပါဆယ်ဗူးကို တက္ကစီသမားတစ်ဦးက ယူလာပေးခြင်းဖြစ်ပြီး ဦးနောင်မိုး သူငယ်ချင်းဖြစ်သူက ပေးခိုင်းခြင်းဖြစ်ကာ ဦးနောင်မိုး ကိုယ်တိုင် ပါဆယ်ဖွင့်ကြည့်ရန်လည်း မှာထားခဲ့သည်ဟု ကြားသိရကြောင်း ရပ်ကွက်နေသူအချို့က ပြောဆိုသည်။

ပါဆယ်ဗုံးကို ဇနီးဖြစ်သူ ဒေါ်တင်လှိုင်က ဖွင့်ဖောက်ချိန် ဗုံးပေါက်ကွဲခဲ့ပြီး အနီးတွင် ထိုင်နေသည့် ကလေးကိုလည်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။

ဦးနောင်မိုးမှာ ပါဆယ်ဗုံးဖွင့်ချိန် အိမ်တွင်ရှိနေသော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။