မိုးကြောင့် ဆားကွင်းများ တစ်လစော၍ရပ်နားရပြီး ဆားဈေးတက်

0
628

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယခုနှစ် ဆားအထွက်နှုန်းလျော့ကျပြီးနောက် ဆားဈေးမှာ တစ်ပိဿာ ကျပ်တစ်ရာကျော် ဈေးမြင့်တက်နေကြောင်း ဆားလုပ်ငန်းရှင်အချို့နှင့် ဆားဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကဲ့သို့ပင် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့ကျခဲ့ပြီး ဆားထုတ်လုပ်ချိန် တစ်လခန့် စော၍ လုပ်ငန်းရပ်နားလိုက်ရကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က မီးချက်ဆား တစ်ပိဿာလျှင် ၃၀၀ ကျပ်သာရှိပြီး နိုဝင်ဘာလခန့်တွင် ၄၀၀ ကျပ်အထိ ဖြစ်လာခဲ့ကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ မီးချက်ဆားထုတ်လုပ်သည့် တောင်သူ ဒေါ်မြင့်စန်းက ပြောဆိုသည်။

ယခုနှစ်ဆားထွက်ရာသီတွင် မီးချက်ဆား တစ်ပိဿာ ၅၀၀ ကျပ်ခန့်ဖြင့် ရောင်းချနေရကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ် ဆားက မရမှ မရကြဘဲ။ ကုန်ကျစရိတ်ကလည်း (ပိဿာ နှစ်သောင်းခွဲလောက်ပဲထွက်ပေမယ့်) ငါးသောင်းထွက်နှုန်းအတိုင်း ကုန်ကျတာဆိုတော့ ဆားဈေး မတင်လို့မရပြီ။ စက်သုံးဆီဈေးကလည်း ဈေးကြီးလာတာကိုး” ဟု မမြင့်စန်းက ပြောသည်။

ဈေးကွက်တွင် ဆားတစ်ပြည် ငွေကျပ် ၆၀၀ ဖြင့် ဝယ်စားရကြောင်း သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာမှ ဒေါ်မီးညိုက ပြောဆိုသည်။

“ဈေးတက်ဆို အကုန်လုံးကလည်း တက်နေတယ်။ သူတို့တွေလည်း ထင်းဝယ်ရတာ ဈေးကြီးမယ်။ လုပ်အားခ ဈေးကြီးမယ်။ (ဈေးက) တင်မှပဲလေ” ဟု ၎င်းက ဆိုသည်။

နေလှန်းဆားဈေးမှာ ပြီးခဲ့သည့်နှစ်က တစ်ပိဿာလျှင် ၂၃၀ ကျပ်ခန့်သာရှိသော်လည်း ယခု ဆားထွက်ရာသီတွင် ၃၈၀ ကျပ်အထိ ရှိနေကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

မနှစ်က (၂၀၂၁ ခုနှစ်) ရာသီအဖျက်မိုးကြောင့် ဆား ပိဿာချိန် ၉ သိန်းသာ ထွက်သော်လည်း ဆားဈေး ကောင်းမရခဲ့သဖြင့် အရှုံးပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနှစ်တုန်းက တနင်္သာရီတိုင်းမှာ ဆားမရပေမယ့် ဧရာဝတီတို့ မွန်တို့မှာ ဆားရတယ်လေ။ ဆားရတော့ ဆားဈေးက မတက်ဘူး။ ဒီနှစ်က တစ်ပြည်လုံးမှာ ဆားမရကြဘူး။ မိုးဖျက်ထားတော့လေ။ ဧရာဝတီလည်း ဆားမထွက်ဘူး။ မွန်လည်း ဆားမထွက်ဘူး။ တနင်္သာရီလည်း ဆားမထွက်ဘူးဆိုတော့ ဒီနှစ်က ဆားဈေးက ၃၀၀ အထက်ဘက်မှာ ဖြစ်နေတယ်” ဟု ဦးသန်းဝင်းက ဆက်လက်ပြောဆိုသည်။

ဆားထုတ်လုပ်မှုတွင် ထင်းမီးဈေးကြီးလာခြင်း၊ ထော်လာဂျီခ ဈေးပိုပေးရခြင်း၊ စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် ယခင်ကထက် ပိုမြင့်လာကြောင်း ဆားထုတ်လုပ်သည့် တောင်သူအချို့က ပြောသည်။

မိုးကြောင့် ဆားအထွက်လျော့နေသည်မှာ ၂ နှစ်ဆက်တိုက်ရှိပြီဖြစ်ပြီး ယခုနှစ်တွင်မူ ဆားဈေး အနည်းငယ် ကောင်းသဖြင့် လုပ်ငန်းအရှုံးပေါ်ခြင်း မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာတွင်မူ ထင်းမီးဖြင့် တစ်နိုင်တစ်ပိုင် ဆားချက်လုပ်သည့် တောင်သူ ၇ ဦးခန့်ရှိပြီး စက်သုံးဆီကို ဆားကွင်းထဲ ရေငန်တင်ရာတွင် အသုံးပြုကြသည်။

ဒေါ်မြင့်စန်းတွင် ဆားကွင်း ၃ ဧကရှိပြီး ရာသီဥတု ပုံမှန်ရှိသည့် နှစ်များတွင် ဆားပိဿာချိန် ငါးသောင်းခန့်ထွက်ကြောင်း ၎င်းက ပြောဆိုသည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဆားပိဿာ သုံးသောင်းငါးထောင်ခန့်သာ ထွက်ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ဆားပိဿာချိန် နှစ်သောင်းငါးထောင်ခန့်သာ ထွက်ကြောင်း ဒေါ်မြင့်စန်းက ပြောဆိုသည်။

ပြင်ကြီးကျွန်း၏ အရှေ့ဘက် သရက်ချောင်းမြို့နယ်၊ ဆင်ကျန်းကျေးရွာ အနီးရှိ ဆားကွင်း ဧက ၂၁၀ ခန့် တွင် ရာသီဥတုကောင်းမွန်သည့်နှစ်များတွင် ဆားပိဿာချိန် သိန်း ၃၀ ခန့် ထွက်သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဆားပိဿာချိန် ၉ သိန်းသာထွက်ကြောင်း ဦးသန်းဝင်းက ပြောသည်။

ယခုနှစ်တွင်မူ ဆားပိသာချိန် ၁၁ သိန်းခန့်ရပြီး ရာသီဥတုကောင်းသည့်နှစ်များ၏ ထွက်နှုန်းနှင့် နှိုင်းယှဉ်လျှင် သုံးပုံတစ်ပုံခန့်သာရှိကြောင်း ၎င်းက ဆိုသည်။

သရက်ချောင်းမြို့နယ်မှ ထုတ်လုပ်သည့် ဒေသထွက် ဆားကြမ်းကို ငါးပိ၊ ငါးခြောက်၊ ငါးဆားထိုး၊ ရေခဲစက်၊ ကဏန်းအစာကျွေးသည့်အထဲ စသည့်နေရာများတွင် အများဆုံး အသုံးပြုပြီး အိမ်သုံးဆား အဖြစ်လည်း အသုံးပြုကြသည်။