အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်

0
558
Myaung Education Network မှဖွင့်လှစ်ထားသည့် မြေပြင်ကျောင်းတစ်ခု ဓာတ်ပုံ - Myaung Education Network

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလ အခြေခံပညာကျောင်းများကို အသိအမှတ်ပြု လက်ခံပေးလျက်ရှိပြီး ယခုအချိန်အထိ အွန်လိုင်းကျောင်းပေါင်း ၄၀ ခန့်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

ယင်းစာရင်းမှာ ထုတ်ပြန်ချက်များတွင် ဖော်ပြထားမှုအရသာ သိရှိရခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုမိုများနိုင်သည်။

တနင်္သာရီတိုင်း‌တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ အစီအစဉ်ဖြင့် ကြားကာလ အွန်လိုင်းကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့အထိ ၅ ကျောင်းရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အခြေခံပညာဆရာများသမဂ္ဂက ထုတ်ပြန်ထားသည်။

ထားဝယ်၊ရေဖြူ၊လောင်းလုံး၊ သရက်ချောင်းမြို့နယ်များသည် မြို့ကျောင်းရှိနေပြီဖြစ်ကြောင်းနယ်အလိုက် Online school များကိုတည်ထောင်ဖွင့်လှစ်ထားပြီး မြိတ်ခရိုင်တွင်လည်း မြို့နယ် ၆ မြို့နယ်ပေါင်း၍ ဖွင့်လှစ်ထားသည်ဟု တနင်္သာရီ အခြေခံပညာဆရာများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ CDM ကျောင်းသားများအတွက် သက်ဆိုင်ရာမြို့နယ်ဘုတ်အဖွဲ့များမှ သင်ကြားပေးနေသော NUG လက်အောက်ခံ ကြားကာလပညာရေးကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီဖြစ်သော်လည်း တိုင်းအဆင့် Federal School ကို မထူထောင်နိုင်သေးပေ။

“ခွဲပြီးလုပ်တော့ လုပ်ရကိုင်ရခက်တယ်၊ တိုင်းတစ်ခုလုံး အကုန်စုပေါင်း reform(ပြုပြင်)လုပ်လိုက်ရင် ဆရာအင်အားရော ကျောင်းသားတွေရဲ့စိတ်ဝင်စားမှုကော ပိုရနိုင်တယ်”ဟု ထားဝယ်ခရိုင်ပညာရေးသပိတ် ဦးဆောင်သူ ဆရာမတစ်ဦးက မှတ်ချက်ပြုသည်။

တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းသားအင်အား သုံးသိန်းနီးပါးရှိရာ ယခင် ၂၀၂၁ ပညာသင်နှစ်တွင် ခြောက်သောင်းဝန်းကျင်သာ‌ စာသင်ကျောင်းများတွင် အပ်နှံကာ ကျောင်းသား ၈၀ ရာခိုင်နှုန်းခန့် CDM ပြုလုပ်ထားကြသည်။

NUG က အသိအမှတ်ပြုထားသော ပြည်သူ့ပညာရေးကျောင်းများမှာ တိုင်းနှင့် ပြည်နယ်များတွင် စတင်ဖွင့်လှစ်လာပြီဖြစ်သည့် ဖက်ဒရယ်ကျောင်းများ၊ အထက်ကျောင်းသားများအတွက် ဖွင့်လှစ်သော New Myanmar Education၊ ‌ကျောင်းသားများ၏ အသိအမှတ်ပြုမှုကို ရရှိနေပြီဖြစ်သည် FOEIM (Free Online Educational Institution Myanmar) နှင့် Kaung For You Federal Private School တို့ဖြစ်ပြီး ယင်းကျောင်းများမှာ အွန်လိုင်းစနစ်ဖြင့် သင်ကြားနေကြခြင်းဖြစ်သည်။

ယင်းအပြင် မြေပြင်ကျောင်းများလည်း ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် Myaung Education Network မှ စာသင်ကျောင်း ၂၆ ကျောင်းအထိ မြေပြင်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ရန်ကုန်တိုင်းတွင်လည်း တိုင်းအတွင်းရှိ ပညာရေးဘုတ်အဖွဲ့များပေါင်း၍ Yangon Federal School ကို မေလ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ယင်းသို့ပင် မွန်ပြည်နယ် ၁၀ မြို့နယ်မှ ပညာရေးဘုတ်အဖွဲ့များ စုပေါင်း၍ Yarmanya Federal Education School(YFES)ကို စတင်ဖွင့်လှစ်ခဲ့သလို၊ ဧရာဝတီတိုင်းကိုယ်စားပြု Ayeyarwaddy Federal School ကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်သည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက လုံခြုံရေးအရ ရပ်ဆိုင်းထားသော ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ အသိအမှတ်ပြု FOEIM (Free Online Educational Institution Myanmar) ၏ မူလတန်း၊အလယ်တန်းအဆင့် အတန်းများကို ဇွန်လ ၂ ရက်နေ့နောက်ဆုံးထား အပ်နှံနိုင်ပြီး ဇူလိုင်လ ၁ ရက်နေ့တွင် စတင်သင်ကြားမည် ဖြစ်သည်။

စစ်ကောင်စီ၏ အခြေခံပညာဦးစီးဌာန၏စာရင်းအရ တစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား ၁၀ သန်းအထိရှိပြီး ယခင် ၂၀၂၁ ခုနှစ်တွင် အခြေခံပညာကျောင်းတွင် ၅ သန်းခန့် ကျောင်းအပ်သင်ကြားသဖြင့် ကျောင်းသား ၅ သန်းသည် ပညာသင်ယူနိုင်ရေးအခွင့်အလမ်းများ လိုအပ်လျက်ရှိသည်။