ပုလော မြို့မျက်နှာဖုံးလုပ်ငန်းရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ အဖမ်းခံရ

0
341

မြိတ်ခရိုင်၊ ပုလောမြို့နယ် မြို့မျက်နှာဖုံး ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးနှင့် မင်းထိန်ရွာက ဒေသခံတစ်ဦး တို့ကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (မေ ၃၀) မွန်းလွဲပိုင်းက ပဝတ်ကုန်းရွာတွင်နေထိုင်သည့် ရော်ဘာဥယျာဉ်ခြံလုပ်ငန်းရှင် ဦးမောင်ညိုအိမ်သို့ စစ်ကောင်စီတပ်သားများ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ကားရော လူပါခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဦးမောင်ညိုသည် ပလစက်တော်ရာဘုရားဂေါပက ဥက္ကဋ္ဌလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဦးမောင်ညိုလိုလူ အဖမ်းခံရမယ်လို့တော့ မထင်ဘူး။ ခြံထဲက သူ့အလုပ်သမားတွေအကြောင်း မေးမြန်းဖို့ပဲ ခေါ်သွားတယ်လို့ ထင်တယ်” ဟု ပဝတ်ကုန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းသည် မြို့မျက်နှာဖုံးတစ်ဦးဖြစ်သည့်အပြင် လူအများနှင့် ဆက်ဆံရေးပြေလည်ခြင်း၊ နိုင်ငံရေးတွင်လည်း ပါဝင်ပတ်သတ်ခြင်းမျိုးမတွေ့ရကြောင်း ၎င်းက ပြောဆိုသည်။  

ယင်းအပြင် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင်လည်း မင်းထိန်ကျေးရွာသို့ စစ်ကောင်စီကား သုံးစီး ရောက်ရှိလာပြီး အသက် ၆၀ ခန့်ရှိရွာသား ဦးမောင်လွင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“စစ်ကားတွေ လာရပ်တော့ ရွာသားတွေကြောက်ပြီး အကုန်ထွက်ပြေးကြတယ်။ မီးလိုင်းလည်း ဖြတ်သွားလို့ အခုရွာမှာ မီးမှောင်နေတယ်” ဟု မင်းထိန်နေအမျိုးသားတစ်ဦးက ပြောသည်။

ဦးမောင်လွင် ဖမ်းဆီးခံရသည့်အကြောင်းအရင်းကိုမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရွာတွင် မီးမှောင်နေသဖြင့် ရွာသားများလည်း ရွာအတွင်းသို့ မဝင်ရဲကြသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ပဝတ်ကုန်း၊ ကဒဲ၊ မင်းထိန်ရွာတို့ရှိရာ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်ကို ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။