ကျောင်းနားမလား၊ တက်မလား

0
926

ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားလိုက်ရပြီး နောက်နှစ်မှာလည်း အာဏာသိမ်းမှုကြောင့် ကျောင်းသားမိဘ အများစုက သားသမီးများကို ကျောင်းမပို့ခဲ့ကြပေ။ ယခုပညာသင်နှစ်တွင်လည်း ကျောင်းသားမိဘတွေ ခေါင်းစားနေရပြန်သည်။ စစ်ကောင်စီက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်မည်လော၊ မအပ်ဘဲနေမည်လော ဟုပင်။

စစ်ကောင်စီကို သပိတ်မှောက်ပြီး ကျောင်းမတက်လျှင် သားသမီး အသက်ကြီးလာပြီး ပညာရေး နောက်ကျ သွားမည်ကို စိုးရိမ်ကြသည်။ ကျောင်းတက်လိုက်ပြန်လည်း စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်မည် ကိုလည်း ထောက်ပြကြသည်။ ကျောင်းအနီး ဗုံးပေါက်မှုများကလည်း သားသမီး လုံခြုံရေးအတွက် စိတ်ပူရပြန်သည်။

သို့သော် ယင်းကျောင်းမတက်လျှင် မည်သည့်ပညာရေးကို ရယူရမည်နည်းဆိုသည့် မေးခွန်းကလည်း ရှိသည်။ အွန်လိုင်းပညာရေးစနစ် အားကောင်းလာသည့်တိုင် လူတိုင်းလက်လှမ်းမီဖို့ ဝေးနေသေးသည်။ ကျောင်းမတက်ဘဲ မည်သည့်အချိန်ကာလအထိ တောင့်ခံထားရမည်ဆိုသည့်အဖြေကလည်း သေသေ ချာချာ မရှိသေးပေ။  

ယင်းအခြေအနေမျိုးတွင် ဇွန်လ ၂ရက်နေ့ စစ်ကောင်စီက စတင်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ တက်ရောက်ရေး မတက်ရောက်ရေးမှာ ဝိရောဓိဖြစ်လာသည်။ ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီစဉ်တွင် ကျောင်းတက်ရေး၊ မတက်ရေးနှင့် ပတ်သက်၍ ကျောင်းသားမိဘများ၊ CDM ဆရာမ၊ တိုင်းပညာရေးရုံးက တာဝန်ရှိသူတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။

“ဘယ်သူက အပ်ရဲမှာလဲ ဒီခေတ်ဒီခါကြီးထဲမှာ”

လောင်းလုံးမြို့နယ်က ကျောင်းသားမိဘတစ်ဦး

DW။ ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ကျောင်းအပ်လက်ခံနေတဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ။ ရွာမှာ ကျောင်းအပ်လက်ခံတာ မရှိပါဘူး။ ဘယ်သူက အပ်ရဲမှာလဲ ဒီခေတ်ဒီခါကြီးထဲမှာ။ ကျောင်းအပ်တဲ့သူကတော့ ကြံ့မိသားစု (ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သို့မဟုတ် ဝန်းရံသူ) တွေပဲ ဖြစ်မယ်။ ကျွန်မကတော့ ကျောင်းအပ်ဖို့ လုံးဝစိတ်မကူးဘူး။

DW။ ကျောင်းမအပ်ဘူးဆိုတော့ သားသမီးတွေရဲ့ ပညာရေး ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ကျွန်မကလေးတွေကိုတော့ ရွာမှာကျူရှင်အပ်ထားတယ်။ တစ်လငါးထောင်ကျပ်နဲ့။ အခုစာလည်း တော်တော်ရနေပြီ။ သူများတွေလည်း ဒီလိုပဲနေနေကြတာ။ ကိုယ့်သားသမီးတစ်ယောက်တည်းမှ မဟုတ်တာ။ ကျောင်းမတက်ရလည်း ဘာမှမဖြစ်ဘူး။

DW။ အနီးနားကရွာတွေရဲ့ ကျောင်းအပ်လက်ခံနေတဲ့ အခြေအနေလေး သိရင်ပြောပြပေးပါ။

ဖြေ။ ကျွန်မတိုးရွာနားတဝိုက်မှာတော့ ကျောင်းအပ်လက်ခံတာတွေ မရှိဘူး။ ကျောင်းအပ်နေတဲ့ ရွာတွေတော့ ရှိတယ်လို့ကြားတယ်။ ဒါပေမယ့် ဆယ်ယောက် အယောက်နှစ်ဆယ်လောက်ပဲ အပ်တဲ့ သူရှိတယ်။ သူတို့လူတွေ (စကစ ထောက်ခံသူများကိုဆိုလို) ကလွဲရင် ကျောင်းမအပ်ကြဘူးလေ။ အခုဆို ပိုပြီးတောင်အပ်ကြမှာ မဟုတ်ဘူး။ (စာသင်ကျောင်းနား) ဗုံးတွေ ပေါက်နေတာကြားရတယ်မလား။

DW။ လုံခြုံရေးကြောင့် ကျောင်းမအပ်တာမျိုးလား။

ဖြေ။ အဲဒာလည်းပါတာပေါ့။ ပြီးတော့ အပ်ဖို့ကျောင်းလည်း မရှိဘူးလေ။ ကျောင်းမှာလည်း ဆရာ မရှိဘူးလေ။ (ဆရာတွေ ကျောင်းကို) လာလို့ မရဲကြဘူး။ ရွာထဲမှာတောင် မနေရဲကြတာကို။ ကျောင်းဘယ်လို ဖွင့်မှာလဲ။

DW။ ကျေးဇူးတင်ပါတယ်။

“တစ်နှစ်ကနေ ၂ နှစ်ဖြစ်လာပြီ။ နောက်ထပ် ဒီအတိုင်းပဲနေသွားလို့ အဆင်မပြေဘူးလေ”

ထားဝယ်မြို့ပေါ်က ကျောင်းသားမိခင်တစ်ဦး

DW။ အခုကျောင်းဖွင့်ချိန်မှာ ကျောင်းထားဖို့ စီစဉ်ရှိလား။ ဘယ်လိုလုပ်မှာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။

ဖြေ။ ကျောင်းသွားအပ်ထားပြီးပြီ။ မနှစ်ကတော့ မအပ်ဖြစ်ဘူးပေါ့နော်။ သားကဆယ်တန်းဖြစ်နေပြီ။ လူကောင်ကြီးကလည်း ထွားလာတယ်။ အစတုန်းကတော့ အပ်ရမလား၊ မအပ်ရဘူးလား၊ ကြောက်နေတာ ပေါ့နော်။ သူများတွေကို စုံစမ်းကြည့်တော့ ကျောင်းအပ်နေတယ်ဆိုတာနဲ့ အယ်… မထူးပါဘူးလေ အပ်မယ်ဆိုပြီး အပ်ဖြစ်သွားတယ်။

DW။ ကျောင်းအပ်တဲ့သူ တော်တော်များလား။ ကျောင်းသွားအပ်တဲ့ အတွေ့အကြုံ‌ပြန် ပြောပြပေးပါ။

ဖြေ။ ကျွန်မသွားအပ်တုန်းကတော့ လူသိပ်မရှိဘူး။ ဆယ်ငါးယောက်၊ အယောက်နှစ်ဆယ်လောက်ပဲ တွေ့တယ်။ ကျောင်းအပ်ရတာ အဆင်ပြေပါတယ်။ ဘာမှထွေထွေထူးထူး မရှိပါဘူး။ သူများတွေက ကျောင်းထဲမှာ စစ်တပ်ရှိတယ်။ ဘာညာပြောတော့ အစကတော့ နည်းနည်းတော့ ကြောက်တာတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ‌ကျွန်မကျောင်းသွားအပ်တော့ (စစ်သားတွေ) မတွေ့ရဘူး။ ရွာထဲမှာလည်း တချို့ ကျောင်းထားချင်ပေမယ့် ကြောက်နေကြတဲ့သူတွေရှိတယ်။ ဘေးအိမ်ကတစ်ယောက်ဆို သူ့သားလေးက တတိယတန်း၊ သူလည်း ကျောင်းထားချင်တယ်။ ဒါပေမယ့် မထားရဲဘဲဖြစ်နေတယ်။ သူလည်း ဟိုမေးသည်မေး လိုက်မေး၊ အဲဒီလိုတော့ ရှိတယ်။

DW။ မနှစ်ကကျောင်းမအပ်ဖြစ်တာက ဘာဖြစ်လို့လဲ။ ဒီနှစ်ကျတော့ ဘာလို့အပ်ဖြစ်သွားတာလဲ။

ဖြေ။ မနှစ်တုန်းကတော့ သားကြီးကိုယ်တိုင်က မနေချင်ဘူး။ မနေချင်ဘူးဆိုတာက သူ့သူငယ်ချင်းတွေလည်း မနေကြဘူး။ အဲဒီတော့ ကျွန်မလည်း မထားတော့ဘူးလေ။ ဒါပေမယ့် အခုဆို တစ်နှစ်ကနေ ၂ နှစ်ဖြစ်လာပြီ။ နောက်ထပ် ဒီအတိုင်းပဲနေသွားလို့ အဆင်မပြေဘူးလေ။ သူ့ကိုလည်း အကျိုးအကြောင်း ရှင်းပြရတာပေါ့လေ။ သူများတွေလည်း နေကြတယ်ဆိုပြီး။ အဲဒာပြီးတော့ ကျောင်းထားဖို့လုပ်လိုက်တာ။

DW။ ‌တချို့က နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းမအပ်ဘူး။ CDM လုပ်ကြတာရှိတယ်။ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။ အဲဒါကတော့ သူ့ခံစားချက်နဲ့သူရှိမှာပေါ့။ တစ်ယောက်နဲ့တူမှမတူတာ။ အမှန်တိုင်းပြောရရင် ကျွန်မညီမနဲ့တောင် စိတ်ချင်းမတူဘူး။ သူဒီနှစ်လည်း ကျောင်းမအပ်‌သေးဘူးလို့ ပြောနေတယ်။ ဒလန်လို့ အပြောခံရမယ်လို့လည်း ပြောတယ်။ အဲဒီလိုပြောကြစတမ်းဆို ကျွန်မတို့လည်း မနှစ်က ကျောင်းမအပ်ဘူး‌လေ။ ဒါပေမယ့် သူများတွေကျောင်းထားနေကြတာ ရှိတာပဲ။ နိုင်ငံရေးမကောင်းတာကတော့ မကောင်းတာ တစ်ပိုင်းပေါ့။ အဲဒီတော့ သူများ ထားထားမထားထား အဲဒာသူ့အပိုင်း။ ကိုယ့်အပိုင်းက ကိုယ်သားသမီးကို ကျောင်းထားရမယ်။ အဲဒာပဲရှိတယ်။

DW။ ကျေးဇူးတင်ပါတယ်။

“ကျောင်းမအပ်မှ CDM လုပ်တဲ့သူတွေကို အားပေးရာ ကျမယ်”

ထားဝယ်ခရိုင်က CDM ဆရာမတစ်ဦး

DW။ ဒီနှစ်ကျောင်းဖွင့်ရာသီ ကျောင်းအပ်၊ မအပ်အပေါ် ဆရာမရဲ့ အမြင်လေးသိပါရစေ။

ဖြေ။ ကျွန်မအမြင်ကတော့ ကျောင်းသားမိဘတွေ ကျောင်းမအပ်မှ CDM လုပ်တဲ့သူတွေကို အားပေးရာ ကျမယ်။ ကူညီရာကျမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ CDM လုပ်ဖို့ ဝိုင်းပြီး တွန်းအားပေးတုန်း ကပေးပြီး အခုကျတော့ ကျောင်းသွားအပ်မယ်ဆိုရင် မတရားဘူးလေ။ CDM လုပ်တဲ့သူတွေဘက်ကို ကြည့်ပေးစေချင်တယ်။ ကိုယ်ချင်းစာပေးစေချင်တယ်။ CDM မလုပ်ရင် အခုပဲ ရွာထဲကနေ မောင်းထုတ်တော့မလို၊ အမှားအမှန် မခွဲခြားတတ်တဲ့သူလိုလို သူတို့ပြောခဲ့ကြတယ်လေ။ မိသားစု စားဝတ်နေရေးကို ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်နေရတာတောင် အခုချိန်ထိ တောင့်ခံထားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျောင်းသားမိဘတွေလည်း CDM လုပ်ပေးကြပါလို့ ပြောချင်ပါတယ်။

DW။ ကျောင်းမတက်ဘဲ‌နေရင် ကျောင်းသားတွေရဲ့ ပညာသင်ကြားရေးကိုရော ဘယ်လိုလုပ်မှာလဲ။

ဖြေ။ ကျွန်မတို့လည်း နောက်တော့ တဖြေးဖြေးနားလည်လာတာ တစ်ခုရှိတယ်။ အဲဒာကတော့ ရေရှည် မှာတော့ ကျောင်းသားတွေ ကျောင်းမတက်ဘဲ၊ ပညာမသင်ဘဲနေကြမှာ မဟုတ်ဘူးပေါ့နော်။ ပညာရေးနဲ့ ပတ်သတ်ပြီး မိဘတွေ ကြာကြာတောင့်ခံနိုင်ကြမှာ မဟုတ်ဘူးဆိုတာကို သိလာတယ်။ ဒါပေမယ့် အခုတော်တော်များများလည်း သိနေတယ်။ သင်နေကြတဲ့ အွန်လိုင်းပညာရေးဆိုတာပဲ။ အွန်လိုင်းပညာရေး ရှိလာတော့ ကျောင်းသားတွေရဲ့ ပညာရေးအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။ အဲဒီတော့ ကျောင်းသား မိဘတွေအတွက် ဆက်ပြီး CDM လုပ်ဖို့ အခွင့်အရေးရှိလာပြီလေ။

DW။ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့သူတွေအတွက် အွန်လိုင်းပညာရေးနဲ့ အဆင်‌မပြေဘူးလို့ ပြောကြတယ်။ အဲဒီအပေါ် ဘာများပြောချင်လဲ။

ဖြေ။ ဟုတ်ပါတယ်။ လူတွေတော်တော်များများ ဒီလိုမေးတာခံရဖူးတယ်။ ကျွန်မအတွေ့အကြုံအရတော့ အဆင်ပြေတာတွေ့ရတယ်။ ဖုန်းကတော့ အိမ်တိုင်းမှာ ရှိတယ်။ အိမ်တစ်အိမ်မှာ ဖုန်းနဲ့ပတ်သတ်ပြီးတော့ နားလည်တဲ့သူ တစ်ယောက်တော့ရှိမှာပဲ။ လူငယ်ပိုင်းထဲကပေါ့။ တကယ်လို့ မရှိဘူးဆိုရင်တောင် ကိုယ်ဆွေမျိုးတွေထဲမှာတော့ ရှိမှာပဲ။ သူတို့တွေကို ကူညီတောင်းလို့ရပါတယ်။ တချို့တွေ ဒီလိုပဲ မေးစမ်းပြီးလုပ်နေကြတာ အဆင်ပြေနေတာရှိတယ်။

နောက်တစ်ခါ ဖုန်းဘေဈေးကြီးတယ်လို့ပြောကြတာ ရှိသေးတယ်ပေါ့နော်။ တစ်ခုလိုချင်ရင်တစ်ခုတော့ ပေးဆပ်ကြရတာပဲ။ အဲဒီလိုတော့ရှိတယ်။ ကျွန်မပြောချင်တာက ဘယ်အရာမှ လွယ်လွယ်ရတာတော့ မရှိဘူးဆိုတာကို ပြောချင်တာပါ။

DW။ ကျေးဇူးတင်ပါတယ်။

“အဓိကအခက်အခဲကတော့ လုံခြုံရေးပိုင်းပေါ့နော်”

တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး

DW။ ဒီနှစ်ကျောင်းဖွင့်ရာသီ ကျောင်းတွေဖွင့်ဖို့ စီစဉ်ထားတာလေးပြောပြပေးပါ။

ဖြေ။ တို့တွေကတော့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ကြဖို့ လုပ်ဆောင်နေတာတော့ ရှိတာပေါ့နော်။ ကျောင်းတွေမှာ မြေစိုက်ပိုစတာတွေ လိုက်စိုက်ပြီးတာတွေ လုပ်နေတာပေါ့။ ကျောင်းတက်မတက်ဆိုတာကတော့ မိဘတွေအပေါ်မှာပဲမူတည်ပါတယ်။ တို့ဖက်ကတော့ စည်းရုံးရေးနည်းလမ်းနဲ့ လုပ်ဆောင်နေတာတော့ ရှိတာပေါ့နော်။ ပြီးတော့ လုံခြုံရေးအပိုင်းအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေဖက်က ဆောင်ရွက်ပေးနေတာရှိပါတယ်။

DW။ ကျောင်းဖွင့်ဖို့လုပ်ရာမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ။ ဒီကာလမှာတော့ အခက်အခဲကတော့ရှိမှာပါပဲ။ ဒါပေမယ့် ကိုယ့်တာဝန်ကိုယ်တော့ လုပ်ရမှာပေါ့လေ။ အဓိကအခက်အခဲကတော့ လုံခြုံရေးပိုင်းပေါ့နော်။ လုံခြုံရေးပေးနိုင်ရင်တော့ ကျောင်းတွေ ဒီထက်ပိုပြီးဖွင့်နိုင်မှာပေါ့။

DW။ ကျေးဇူးတင်ပါတယ်။