ကျောင်းတက်ရေး၊ မတက်ရေး ဝိရောဓိ

0
65

အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ စတင်ကျောင်းအပ် လက်ခံနေပြီ။

ဒီနှစ်သမီးဖြစ်သူကို ကျောင်းတက်ခိုင်းမှာလားဆိုတဲ့ မေးခွန်းအပေါ် ရုတ်တရက် ဒေါ်ရှိန်တစ်ယောက် ဘာဖြေရမှန်းမသိ။

ခဏတွေဝေသွားပြီးမှ “မသိသေးဘူး” ဟု တစ်လုံးချင်း လေးပင်စွာ ပြောဆိုလိုက်ပါတယ်။

ဒါကစစ်ကောင်စီလက်ထက်မှာ ဖွင့်လှစ်မယ့် ဒုတိယမြောက် စာသင်နှစ်လည်း ဖြစ်ပါတယ်။ ဒေါ်ရှိန် သမီးမှာ ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားခဲ့ရသလို စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့နှစ်ကဖွင့်တဲ့ ကျောင်းကိုလည်း မတက်ခဲ့။

ကိုဗစ်နဲ့ အာဏာသိမ်းမူကြာင့် စတုတ္ထတန်းကျောင်းသူ ဒေါ်ရှိန်ရဲ့သမီးလေး ကျောင်းမတက်ရတာ ၂ နှစ်ရှိပြီ။

တပတ်ရစ်ဆိုင်ကယ်နဲ့ ရွာထဲရာသီပေါ်သီးနှံ လည်ရောင်းနေတဲ့ လောင်းလုံးမြို့နယ်သူ ဒေါ်ရှိန်အတွက် ခေါင်းခဲချင်စရာကောင်းတဲ့ ကျောင်းဖွင့်ရာသီပင်။

အခုဆို ဒေါ်ရှိန်သမီးက ကျောင်းသင်ခန်းစာထဲပါတဲ့ မြန်မာစာကြောင်းတွေကို ဖြောင့်တန်းအောင် မဆိုနိုင်တော့သလို သင်္ချာကိန်းဂဏန်းတွေလည်း မေ့တေ့တေ့ဖြစ်လာနေပြီလို့ဆိုပါတယ်။

“(ကိုဗစ်ကြောင့်) ကျောင်းတွေ စပိတ်တုန်းက ဒီလိုဆိုးဆိုးရွားရွား ဖြစ်လာမယ်လို့ မထင်ထားဘူးလေ” လို့ ဒေါ်ရှိန်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက အခြေခံကျောင်းတွေ ပြန်ဖွင့်ခဲ့ပေမယ့် တနင်္သာရီတိုင်းက အခြေခံပညာ ကျောင်းသား မိဘအများအပြားက ကျောင်းမတက်ရေး လှုပ်ရှားမူမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ ပုံမှန်ပညာသင်နှစ်တစ်နှစ်မှာ အခြေခံပညာကျောင်းသား၊ ကျောင်းသူ သုံးသိန်းဝန်းကျင်လောက် ရှိပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ခြောက်သောင်းဝန်းကျင်လောက်သာ ကျောင်းအပ်နှံခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာ ကျောင်းသား ဦးရေရဲ့ ၈၀ ရာနှုန်းလောက်က ကျောင်းမတက်ရေး လှုပ်ရှားမူမှာ ပါဝင်ကြတယ်လို့ ဆိုရမှာပါ။

ဒီနှစ်တော့ ကျောင်းအပ်ကြသူတွေ ရှိသလို စစ်ကောင်စီဖွင့်တဲ့ကျောင်း မတက်ကြဖို့ ဆော်ဩမှုတွေနဲ့အတူ ကျောင်းမတက်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြသူတွေလည်း အများအပြားရှိနေပါတယ်။

ဒီအထဲမှာ ဒေါ်ရှိန်တို့လို့ ဘာလုပ်ရမှန်း မသိလို့ မဝေခွဲနိုင်ဖြစ်နေသူတွေလည်း အများအပြားပါပဲ။

အွန်လိုင်းပေါ်က ပညာရေး

စစ်ကောင်စီလက်ထက် ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ အခြေခံပညာရေးကျောင်းတွေမှာတော့ ကျောင်းမတက်သူတွေ အများအပြားရှိခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာပါတဲ့ ကျောင်းသားတွေထဲက အချို့ကတော့ ကျောင်းမတက်ကြပေမယ့် အွန်လိုင်းပညာရေး စနစ်နဲ့ ပညာဆက်လက် သင်ကြားခဲ့ကြပါတယ်။

“ကလေးဆိုတာက ကျောင်းစာတွေနဲ့ လက်လှမ်းဝေးနေလို့ မရဘူးလေ။ အဲဒာကြောင့် အွန်လိုင်းကနေ သင်ပေးတာတွေလိုက်ရှာပြီး Join (တက်ခိုင်း) ထားရတာပေါ့” လို့ ထားဝယ်မြို့ခံ ဒေါ်ချော (အမည်လွှဲ) က ပြောပါတယ်။

ဒေါ်ချောရဲ့ ဒုတိယတန်းကျောင်းသားလေးဟာ FOEIM လို့ အတိုကောက်ခေါ်တဲ့ ကျောင်းမှာ အွန်လိုင်းကနေတစ်ဆင့် ပညာသင်ကြားနေတာပါ။

အဲဒီအွန်လိုင်းကျောင်းမှာ တနင်္သာရီတိုင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသား သုံးထောင်ဝန်းကျင်လောက် တက်ရောက်နေတယ်လို့ စာရင်းတွေအရ သိရပါတယ်။

အခြားအွန်လိုင်းက ပို့ချနေတဲ့ ကျောင်းတွေမှာ တက်ရောက်နေတဲ့ တနင်္သာရီတိုင်းက ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါသေးတယ်။

အွန်လိုင်းကပို့ချတဲ့ ကျောင်းတွေထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဖွင့်တဲ့ ကျောင်းတွေမှာ တက်ရောက်တဲ့ ဦးရေက တော်တော်များများ ရှိပါတယ်။

မြို့နယ်အလိုက် ပညာရေးဘုတ်အဖွဲ့တွေဖွဲ့စည်းပြီး CDM ဆရာ၊ ဆရာမတွေက ပို့ချနေတာဖြစ်ပါတယ်။

“ကျောင်းသားတွေကများပြီး ဆရာလုံလောက်မူမရှိတဲ့ ပုံစံမျိုးတော့ရှိတာပေါ့နော်။ ဆက်ရှင်တွေခွဲပြီး ညအထိ သင်ပေးနေရတာတွေရှိတယ်” လို့ ဒီသင်ကြားမှုမှာ ပါဝင်တဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးကို သပိတ်မှောက်သူတွေအတွက် အွန်လိုင်းပညာရေးက အဆင်သင့်ရှိတယ်ဆိုပေမဲ့ လူတိုင်း လက်လှမ်းမမီနိုင်ပါဘူး။

လောင်းလုံးသူ ဈေးသည်ဒေါ်ရှိန်တို့လို နည်းပညာကို လက်လှမ်းမမီတဲ့သူတွေအတွက်တော့ အွန်လိုင်းပညာရေး ဆိုတာ ဝေးကွာနေဆဲပါပဲ။

အခြားသူတွေရဲ့သားသမီးတွေ အွန်လိုင်းကနေ စာသင်နေကြတာကို ဈေးလည်ရောင်းနေတဲ့ ဒေါ်ရှိန်သတိထားမိသလို အားလည်းကျတယ်လို့ ဆိုပါတယ်။

“ကျွန်မက ဘာမှမလုပ်ပေးတတ်ဘူးလေ။ စိတ်ထဲမှာတော့ အားငယ်မိတာပေါ့” လို့ သူကဆိုပါတယ်။

ပုဂ္ဂလိက ပညာရေး

စစ်ကောင်စီရဲ့ ကျောင်းတွေမှာ ကျောင်းမတက်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဖွင့်တဲ့ အွန်လိုင်းကျောင်းတွေမှာလည်း မတက်ပေမယ့် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းအပ်ပြီး တက်မယ့်သူတွေလည်း ရှိပါတယ်။

ထားဝယ်မြို့ခံတစ်ဦးဖြစ်တဲ့ ဒေါ်မြင့်ကတော့ (Grade 6) တက်မယ့် သူ့သားလေးကို ကိုယ်ပိုင်းကျောင်းမှာအပ်ဖို့ စိတ်ကူးထားပါတယ်။

“ကျောင်းလခတွေတော့ စုံစမ်းထားပြီးပါပြီ။ ကျောင်းတော့ မအပ်ရသေးဘူး” လို့ သူက ပြောပြပါတယ်။

စစ်ကောင်စီက ဒီနှစ်မှာ အခြေခံပညာကျောင်းတွေနဲ့အတူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကိုပါ ဖွင့်ခွင့် ပေးထားပါတယ်။ ကျောင်းတက်ရောက်ကြဖို့ကိုလည်း စည်းရုံးရေးနည်းလမ်းတွေနဲ့ အကောင်အထည်ဖော်လာ ပါတယ်။

ထားဝယ်မြို့က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကတော့ ကျောင်းသားတစ်ဦးကို ကျောင်းဝင်ကြေး ငါးသိန်းကျပ်နဲ့ တစ်နှစ်ကျောင်းစာရိတ် ကျပ်ဆယ်သိန်းလို့ ဆိုပါတယ်။ (ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း၊ တက်ရောက်မည့် အတန်းပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမူရှိသည်)

တတ်နိုင်သူတွေကတော့ ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းအပ်ကြဖို့ ပြင်နေသလို အပ်ထားသူတွေလည်း ရှိနေပါပြီ။
ငွေကြေးတတ်နိုင်သူတွေအတွက် မပြောပလောက်တဲ့ ပမာဏဆိုပေမဲ့ အခြေခံလူတန်းစားတွေ အတွက်ကတော့ အိပ်မက်တောင် မမက်ရဲတဲ့ ပမာဏပါ။

ဒါ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အလုပ်အကိုင် ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ တွေကြောင့် အခြေခံလူတန်းစားတွေအတွက် ပုံမှန်စားနိုင်ဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ အခြေအနေပါ။

လက်လုပ်လက်စား ယောက္ခမအိမ်အနောက်မှာ တဲသာသာ အိမ်ဆောက်ပြီးနေနေရတဲ့ ဒေါ်ရှိန်အတွက် အဲဒီလောက် ငွေကြေးပမာဏနဲ့ ကျောင်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ကျောင်းဖွင့်နိုင်ဖို့ ပြင်နေတဲ့ စစ်ကောင်စီ

စစ်ကောင်စီကတော့ ကျောင်းအပ်နှံရေးကာလမတိုင်မီကတည်းက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး ဆိုင်းဘုတ်တွေကို နေရာအနှံ့စိုက်ထူပြီး စည်းရုံလုပ်ဆောင်နေပါတယ်။

မေလ ၂၆ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိကို ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံနေတာပါ။

ကျောင်းအပ်နှံကြရေး တိုက်တွန်းနှိုးဆော်တာတွေ လုပ်နေသလို ကျောင်းလုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးနေတယ်လို့ တနင်္သာရီတိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျောင်းတက်မတက်ဆိုတာကတော့ မိဘတွေအပေါ်မှာပဲ မူတည်ပါတယ်။ တို့ဖက်ကတော့ စည်းရုံးရေးနည်းလမ်းနဲ့ လုပ်ဆောင်နေတာတော့ ရှိတာပေါ့နော်” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေနေရာမှာလည်း ဆရာအသစ်တွေနဲ့ အစားထိုးဖြည့်ဆည်းထားသလို အထက်တန်းပြ ဆရာ၊ ဆရာမ လိုအပ်ချက်ကိုလည်း ထားဝယ်ပညာရေးဒီဂရီကောလိပ်မှာ စာပေးစာယူ ပညာရေးဘွဲ့ ရက်တိုသင်တန်းပေးပြီး ဖြည့်ဆည်းတာတွေကို လုပ်ဆောင်နေပါတယ်။

CDM ဆရာ၊ ဆရာမတွေကိုလည်း တာဝန်ကင်းကွာနေသူဟု သုံးနှုန်းကာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်တာတွေရှိပါတယ်။

တနင်္သာရီတိုင်းက CDM ဆရာအချို့လည်း တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စုံစမ်းတာတွေရှိနေတယ်လို့ တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောင်းတက်၊ မတက်

စစ်ကောင်စီကို တွန်းလှန်နေသူတွေထဲမှာပဲ ကျောင်းတက်ရေး၊ မတက်ရေး အယူအဆ မတူသူတွေ ရှိနေပါတယ်။

ကျောင်းမတက်ရေး အုပ်စုက အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းရေးကသာ ပြည်သူတစ်ရပ်လုံးရဲ့ ပန်းတိုင်ဖြစ်တယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမှသာ စစ်မှန်ပြီး အရည်အသွေးရှိတဲ့ ပညာရေးကို ကျောင်းသူကျောင်းသားတွေ ရရှိခံစားနိုင်မယ်လို့ ထောက်ပြကြပါတယ်။

ဒါ့အပြင် လက်ရှိကျောင်းပတ်ဝန်းကျင်ကလည်း ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားဖို့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မဟုတ်ဘဲ အချိန်မရွေး ဖမ်းဆီးပစ်သတ်ခံရနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။

စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတက်တာဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာကို ပြသနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်သွားနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ဒါကြောင့်စစ်အာဏာရှင်စနစ်အောက်မှာ ဖွင့်လှစ်တဲ့ ကျောင်းနဲ့ ပညာရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်ဖို့ အသိအမှတ်မပြုဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို တော်လှန်နေသူတွေထဲမှာပင် စစ်အာဏာရှင်ကို လက်မခံဘူး ဒါပေမဲ့ ကလေးတွေ ပညာရေးက နိုင်ငံရေးနဲ့ မဆိုင်ဘူး ကျောင်းတက်သင့်တယ် ဆိုတဲ့ အုပ်စုကလည်းရှိနေပါတယ်။

စစ်ကောင်စီကဖွင့်တဲ့ကျောင်းမတက်ရေး၊ စစ်ကျွန်ပညာရေးအလိုမရှိဆိုတဲ့ ပြောဆို ယူဆချက်တွေကို လက်မခံ ငြင်းပယ်သူ ထားဝယ်မြို့ခံ ဒေါ်မြင့်ကတော့ နိုင်ငံရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတက်ရောက်ဖို့ကို အားပေးတယ်လို့ ဆိုပါတယ်။

“နိုင်ငံရေးက နိုင်ငံရေးပဲ။ ပညာရေးနဲ့မဆိုင်ဘူးလေ။ ကျောင်းမထားရင် အသက်သာကြီးလာမယ် ပညာမတတ်ဘူး” လို့ သူကဆိုပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးလည်းဖြစ် CDM ဆရာတစ်ဦးလည်းဖြစ်တဲ့ ဦးစိုးစိုး (အမည်လွှဲ) ကတော့ စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတက်ခြင်း၊ မတက်ခြင်းဟာ ကျောင်းသားမိဘ တစ်ဦးချင်းစီက ရွေးချယ်ရမယ့် ကိုယ်ပိုင်အခွင့်အရေးသာဖြစ်တယ်လို့ ဆိုပါတယ်။

ပညာမတတ်ဘဲ ဒီမိုကရေစီနိုင်ငံတော်ကို ဘယ်လိုထူ‌ထောင်ကြမလဲ ဆိုသူတွေကလည်း မနည်းမနောရှိသလို စစ်ကောင်စီပေးတဲ့ ပညာရေးကရော အဆင့်မီလို့လား ဒီမိုကရေစီနိုင်ငံတော်အတွက် အထောက်အကူ ဖြစ်ပါ့မလား ဆိုသူတွေလည်း အများအပြား။

ဒီလိုကျောင်းတက်ရေး မတက်ရေး အယူအဆကွဲနေသူတွေ ကြားမှာပင် တိုက်ပွဲတွေကြောင့် အသက်ဘေးပြေး နေရသူတွေကတော့ ကျောင်းတက်ဖို့ မစဉ်းစားနိုင်ကြ။

တိုက်ပွဲဖြစ်ပွားရာဒေသက ကလေးတွေကတော့ ပညာသင်ကြားရေးထက် အသက်ရှင်သန်ရေးကို ဦးစားပေးနေကြရတယ်လို့ စစ်ရှောင် မိခင်တစ်ဦးက ပြောပါတယ်။

“ကျောင်းထားဖို့နေနေသာသာ အသက်ကို ဖက်နဲ့ထုပ်ပြီးနေနေရာတာ။ ဘယ်အချိန်ထပစ်ကြမယ်ဆိုတာ မသိဘူးလေ” လို့ ထားဝယ် အရှေ့တောဒေသက ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကျည်ဆန်တွေနဲ့ ကျောင်းဖွင့်ရာသီ

စစ်ကောင်စီက ကျောင်းတွေဖွင့်ဖို့ ကြိုးစားနေပေမယ့် ကျောင်းနဲ့ကျောင်းပတ်ဝန်းကျင်တွေကတော့ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ မရှိသေးပါဘူး။

ကျောင်းအပ်စလက်ခံတဲ့ မေလ ၂၆၊ ၂၇ နှစ်ရက်ဆက် မြိတ်မြို့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ အမှတ် (၇) အထက်တန်းကျောင်း အနီး ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒီပေါက်ကွဲမှုက သူတို့နဲ့ မသက်ဆိုင်ဘူးလို့ မြိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်သလို ဒီဖောက်ခွဲမှုတွေကို မြိတ်တော်လှန်ရေးအင်အားစုနဲ့ မြိတ်လူထုအကြား အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာလို့လည်း ပြောဆိုလိုက်ပါတယ်။

မေလ ၂၈ ရက်နေ့ကလည်း ထားဝယ်မြို့ အဓိကလမ်းမကြီးဖြစ်တဲ့ အာဇာနည်လမ်းမ‌ကြီးပေါ်မှာရှိတဲ့ အမှတ် ၃ အထက်တန်းကျောင်းအနီးမှာ ဗုံး ၂ လုံးပေါက်ကွဲပြီး သုံးဘီးသမားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ မနှစ်ကတော့ စာသင်ကျောင်းပေါင်း ငါးရာကျော်ကို PDF အဖွဲ့တွေက မီးရှို့၊ ဖောက်ခွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဖက်ကလည်း စစ်ကြောင်းထိုးတဲ့အခါမျိုးတွေမှာ စာသင်ကျောင်းတွေထဲ တပ်စွဲတာတွေ လုပ်ဆောင်လေ့ရှိပြီး လက်နက်ကြီး ပစ်ခတ်မူတွေကြောင့် စာသင်ကျောင်းတွေ ပျက်စီးတာတွေလည်းရှိပါတယ်။

ဒီလိုမငြိမ်းချမ်းတဲ့ အခြေအနေကြားမှာ ဖွင့်တဲ့ စာသင်ကျောင်းတွေဆီကို ကလေးတွေလွှတ်ဖို့ စိတ်မချဘူးလို့လည်း ကလေးမိဘအချို့က ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်နေချိန် စာသင်ကျောင်းတွေလည်း လုံခြုံမှုမရှိတော့ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတက်ရောက်မယ့် ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေအနေနဲ့ လုံခြုံရေးကတော့ စိုးရိမ်စရာရှိတယ်လို့ ဦးစိုးစိုးကပြောဆိုပါတယ်။

“ကျောင်းတွေဖွင့်တဲ့အခါ လုံခြုံရေး အကြောင်းပြပြီးတော့ စစ်တပ်တွေ၊ ရဲတွေက စာသင်ကျောင်းထဲ နေရာယူတာတွေ ဖြစ်လာတတ်တယ်” လို့လည်း ၎င်းကဆိုပါတယ်။

အဲဒီအပြင်မှာ ကိုဗစ်ကပ်ဘေးကလည်း ရှိနေသေးတာကို သတိပြုကြဖို့လိုတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပေးထားတာကြောင့် ဒီနှစ်မှာဖွင့်လှစ်တဲ့ အခြေခံကျောင်းတွေ တက်ရောက်ကြဖို့ စည်းရုံးနေသလို ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ ဖွင့်ကြဖို့လည်း တွန်းအားပေးနေပါတယ်။

ဒေါ်ရှိန်တို့ရွာက စာသင်ကျောင်းအဝင်ဝမှာတော့ အနီရောင်ဆေးနဲ့ရေးထားတဲ့ “စစ်ကျွန်ပညာရေး အလိုမရှိ” စာကြောင်းက အထင်းသားရှိနေဆဲ။

ခုတ်ထွင် ရှင်းလင်းမှု မလုပ်တာ ကြာပြီဖြစ်တဲ့ ကျောင်းဝင်းတစ်ခုလုံးမှာလည်း နွယ်မြက် သစ်ပင်တွေနဲ့ ခြုံပုတ်တစ်ခုလို ဖြစ်နေဆဲ။

ဒေါ်ရှိန်အနေနဲ့ကလည်း သမီးလေးကို ကျောင်းထားရေး၊ မထားရေး ဒွိဟဖြစ်နေဆဲ။

အွန်လိုင်းကနေ ပညာသင်ပေးဖို့လည်း လက်လှမ်းမမီ၊ စစ်ကောင်စီထိန်းချုပ်မူအောက်ကကျောင်း ထားဖို့လည်း မဝံ့မရဲ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းထားဖို့လည်း ငွေကြေးမတတ်နိုင်တဲ့ ဒေါ်ရှိန်မှာ နောက်ဆုံးရွေးချယ် စရာတစ်ခုကတော့။

“တစ်လ သုံးထောင်နဲ့ ရွာထဲ ကျူရှင် ထားချင်ထားဖြစ်မယ်”