စားနပ်ရိက္ခာပြတ်လပ်မှု ကမ္ဘာ့ကပ်ဘေးစပြီ

0
555
ပုံစာ - အိန္ဒိယအစိုးရက ဂျုံကို နိုင်ငံခြားတင်ပို့ မရောင်းချဖို့ ပိတ်ပင်လိုက်ပါပြီ/ ဓာတ်ပုံ - timesofindia

ကပ်ရောဂါဘေး၊ စစ်ဘေး စတဲ့ ကပ်ကြီးနှစ်ပါး နေရာအတော်များများမှာ ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ ငတ်မွတ်ခေါင်းပါးဘေး ဆိုတဲ့ တတိယကပ်ကြီး လာနိုင်ပါသလား။ ကပ်ကြီး (၃)ပါးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ် နေပါတယ်။ အမြဲတမ်းစိုးရိမ်နေကျ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကြီးက ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဒါကို အရေးတကြီး ကိုင်တွယ်ရတော့မယ်လို့ သတိပေးလိုက်ပါတယ်။

ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲ၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်နိုင်တဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ အစားအစာကို ဖြစ်သင့်တဲ့ ဈေးနူန်းနဲ့ ရနိုင်ဖို့ အရေးကိစ္စဟာ စိတ်ပူစရာ သိပ်ကောင်းနေပါတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က စီမံမှုဒါရိုက်တာ ခရစ္စတာလီနာဂျော်ဂျီဗာ က ဆွစ်ဇာလန်မှာ ကျင်းပတဲ့ World Economic Forum မှာ ပြောကြားလိုက်ပါတယ်။

ခုလည်း အစားအသောက်ဈေးနူန်းတွေက တက်ပြီးရင်း တက် တက် နေတာကိုး။ ချက်ခြင်းနိုင်ငံတကာက အာရုံစိုက် အရေးတယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ မလုံလောက်မှုက တဖြည်းဖြည်း နီးလာနေပါပြီလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေးလိုက်ပါရဲ့။

ကုလသမဂ္ဂက တိုင်းတာတွက်ချက်မှုတွေအရ ပြီးခဲ့တဲ့ နှစ်အတွင်း တစ်ကမ္ဘာလုံးက စားနပ်ရိက္ခာဈေးနူန်းတွေဟာ သုံးပုံတစ်ပုံတက်သွားတယ်။ စိုက်ပျိုးရေး မြေသြဇာတွေက ထက်ဝက်တက်တယ်။ ဓာတ်ဆီဈေးက သုံးပုံနှစ်ပုံ လောက်တက်တယ်။ ဒီလိုဖြစ်တော့ အောက်ဆုံးအဆင့်ကလူတွေ ခံရပြီပေါ့။ ကပ်ရောဂါဘေးမတိုင်ခင်က အစားအသောက်ဖူလုံမှုမရှိတဲ့ လူဦးရေ ကမ္ဘာမှာ ၁၃၅သန်းရှိရာကနေ ခုဆိုရင် ၂၇၆သန်းတောင် ရှိနေပါပြီလို့ ကုလသမဂ္ဂစာရင်းတွေက ဖော်ပြထားတယ်။ လူ၅သိန်းလောက်ဟာ အငတ်ဘေးသင့်နေတယ်။ ၂၀၁၆ ခုနှစ်က အခြေအနေနဲ့ ယှဉ်ရင် အငတ်ဘေးသင့်သူဦးရေဟာ ၅၀၀ ရာခိုင်နူန်း မြင့်တက်လာတာပဲ။

နိုင်ငံပေါင်း (၄၃) နိုင်ငံက လူဦးရေ ၄၉သန်းဟာ ငတ်မွတ်ခေါင်းပါးဘေးရဲ့ ချောက်ကမ်းပါးကို ရောက်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အမှုဆောင်ဒါရိုက်တာ က ပြောဆိုပါတယ်။ “အခုလို ပြောနေတဲ့ အချိန်မှာပဲ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ပီရူး တို့မှာ ဆန္ဒပြပွဲတွေ အဓိကရုဏ်းတွေ ဖြစ်နေပါပြီ။ ဘာကီနာဖာဆို၊ မာလီ၊ ချက် (အာဖရိက) တို့မှာ မတည်ငြိမ်မှုတွေ မြင်နေရပါပြီ။ ဒါဟာလာတော့မယ့် ကပ်ဘေးရဲ့ ရှေ့ပြေးလက္ခဏာတွေပါ” လို့ WFP အမှုဆောင်ဒါရိုက်တာ ဒေးဗစ် ဘက်စလီ က ဆိုတယ်။

အီသီယိုးပီးယား၊ ဆိုမာလီယာ နဲ့ ကင်ညာတို့မှာ အစားအသောက် အခက်အခဲဖြစ်ရသူတွေ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ နှစ်ဆကျော်တက်လာခဲ့တယ်။ ၁၀သန်းရှိရာကနေ ၂၃သန်း ဖြစ်သွားပြီလို့ အစီရင်ခံစာ တွေမှာ ဖော်ပြထားတယ်။ လက်နက်ကိုင် ပဋိပက္ခ၊ Covid-19၊ ရာသီဥတုဖောက်ပြန်မှု နဲ့ ယူကရိန်းစစ်ပွဲကြောင့် ပိုဆိုးလာတဲ့ ငွေကြေးဖောင်းပွမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ အစားအသောက် ပြည့်ပြည့်ဝဝမရရှိတာကြောင့် အဆိုပါ (၃) နိုင်ငံမှာ ၄၈စက္ကန့်တိုင်း လူတစ်ယောက်ဟာ သေလုမျောပါး ဝေဒနာ ခံစားနေရတယ်။

အိန္ဒိယမှာ ပြင်းထန်လှတဲ့ အပူလှိုင်းကြောင့် ဂျုံရိတ်သိမ်းရာသီမှာ အထွက်မကောင်းခဲ့တာမို့ တစ်ကမ္ဘာလုံးရဲ့ အားပြုစားတဲ့ အစားအစာ ဂျုံဈေးတွေ မြင့်တက်သွားခဲ့ပါတယ်။ ယခုလ အစောပိုင်းမှာပဲ ဒေလီမြို့ရဲ့ အပူချိန်ဟာ ၁၂၀ ဒီဂရီဖာရင်ဟိုက်ရှိသွားပါတယ်။ အိန္ဒိယအစိုးရက ဂျုံကို နိုင်ငံခြားတင်ပို့ မရောင်းချဖို့ ပိတ်ပင်လိုက်ပါပြီ။ ဒီလို ကြေညာချက်ဟာ ဂျုံဈေးကို နေရာအနှံ့မှာ ထိုးတက်သွားစေပါတယ်။ ပါကစ္စတန်တွင် အဆိုပါ အပူလှိုင်းကြောင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့ရပြီး ယခုနှစ် သရက်သီး ထွက်ရှိမှု ၅၀ ရာခိုင်နူန်းကျဆင်းသွား ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။

တကယ်တော့ ဂျုံဈေးဟာ ယူကရိန်းမှာ စစ်ဖြစ်ကတည်းက တက်နေခဲ့တာပါ။ ယူကရိန်းနဲ့ ရုရှားဟာ ကမ္ဘာမှာ ဂျုံစိုက် အများဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။ ယူကရိန်း နဲ့ ရုရှား ၂နိုင်ငံပေါင်း ဂျုံထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံးရဲ့ ၂၅ ရာခိုင်နူန်းရှိပါသတဲ့။ ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဂျုံဈေးလည်း တက်လာခဲ့တယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အရ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာကနေ စတင်လို့ ဂျုံဈေးဟာ ၈၀ ရာခိုင်နူန်း တက်သွားခဲ့ပါတယ်။

ဒီလို နိုင်ငံတကာမှာ စားနပ်ရိက္ခာအကျပ်အတည်းတွေ ဖြစ်လာတော့ တချို့နိုင်ငံတွေ စနစ်ပျက် ရပ်ဆိုင်းသွား တဲ့အထိ ဖြစ်ရတယ်။ သီရိလင်္ကာမှာ ငွေကြေးဖောင်းပွမှုတွေ ကြောင့် လက္ကားဈေးကွက်မှာ အရေးပေါ်အခြေအနေ ကြုံသွားပြီးတော့ ရိက္ခာ၊ ဆေး နဲ့ လောင်စာဆီတွေ ပြတ်လပ် ကုန်ပါတယ်။

အာဖဂန်မှာ လာမယ့် လတွေအတွင်း ငတ်မွတ်ခေါင်းပါးဘေး လာတော့မယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီတွေက သတိပေးထားပါတယ်။ လက်ဘနွန်မှာဆိုရင် စီးပွါးရေး အကျပ်အတည်းဖြစ်နေတာ တစ်နှစ်ကျော်ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာ လူသုံးကုန်ဈေးနူန်းတွေဟာ ဧပြီလအတွင်းမှာ ၈ဒသမ၃ရာခိုင်နူန်း တက်သွားခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အချက်အလက်တွေက ဖော်ပြထားပါတယ်။

စားသောက်ကုန် ဈေးနူန်းတွေဟာ ၉ဒသမ၄ရာခိုင်နူန်းတက်သွားပြီး အသား၊ကြက်၊ငါး နဲ့ ဥ ဈေးတွေဆိုရင် ၁၄ဒသမ၃ရာခိုင်နူန်း အထိ တက်သွားခဲ့ပါတယ်။ အမေရိကန်မှာ အစားအသောက်ဝေမျှမှုလုပ်တဲ့ အကြီးဆုံး ပရဟိတအဖွဲ့ Feeding America ကွန်ရက်က အစားအသောက်ဘဏ် ၂၀၀ လောက်မှာ အကူအညီလာတောင်းတဲ့သူ ၆၅ ရာခိုင်နူန်း တက်သွားခဲ့ပါသတဲ့။

မလေးရှားနိုင်ငံမှာ ကြက်သားဈေး ထိုးတက်နေတာ သီတင်းပတ်အတော်ကြာပါပြီ။ ဆူပါမားကတ်တွေက စင်တွေပေါ်မှာရော အသားငါးဈေးတွေမှာရော လျော့ပါးနေပါသတဲ့။ နိုင်ငံခြားကို ကြက်သားမရောင်းရ မတင်ပို့ရ လို့ မလေးရှားဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်တယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဟင်းသီးဟင်းရွက်တွေဈေးနူန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၄ ရာခိုင်နူန်း တက်သွားခံတယ်လို့ တရုတ်အမျိုးသားစာရင်းဇယားဗြူရို က ထုတ်ပြန်ထားပါတယ်။ တရုတ်ရဲ့ zeroCovid မဟာဗျူဟာကြောင့် စီးပွါးရေးဟာ နှေးကွေးသွားခဲ့ပြီး ၊ ဒါဟာ ကမ္ဘာလုံးအနှံ့ ငွေဖောင်းပွတာကို ဖြစ်စေပြီး၊ ကမ္ဘာ့ စားနပ်ရိက္ခာသွင်းအားစုထဲကို ထိခိုက်မှုတွေ ရှိစေပါတယ်။ တရုတ်အစိုးရက သကြားပြတ်လပ်နိုင်ချေကိုလည်း တိုင်းပြည်ကို သတိပေးထားတယ်။

ယူကရိန်းစစ်ပွဲ စတင် ဖြစ်ပွါးကတည်းက သကြားတင်ပို့ခြင်းကို နိုင်ငံအများက ကန့်သတ်ထားကြတယ်။ တိုင်းပြည်များကနေ သကြားရရှိမှု လျော့ကျလာနိုင်တာကြောင့် တရုတ်စိုက်ပျိုးရေး ဝန်ကြီးဌာနက လာမယ့် စီးပွါးရေးနှစ်မှာ သကြားရရှိမှု လျော့ကျမယ်လို့ ခန့်မှန်းထားတာကို တောင်တရုတ်နံနက်ခင်း သတင်းစာက ရေးသားထားပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာလုံခြုံရေး ဝန်ကြီးအဆင့် အစည်းအဝေးကို နယူးယောက်ရုံးချုပ်မှာ ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလိုင်ကန် တက်ရောက်ခဲ့ပါတယ်။ အင်အားကြီး စီးပွါးရေး နဲ့ ထုတ်လုပ်သူ တရုတ်ရဲ့ ဝန်ကြီးက မတက်ရောက်ပါဘူး။ တရုတ်ရဲ့ ဒီလို မပူးပေါင်းမှုဟာ စိတ်ပျက်စရာ ဖြစ်ပြီးတော့ အံ့သြစရာတော့လည်း မဟုတ်ဘူးလို့ အမေရိကန်အစိုးရက တုန့်ပြန်ထားပါတယ်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူချုပ် ဂူတာရက်စ် က ဒီလို စိမ်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ခြေလှမ်း (၅) ရပ် တိုက်တွန်းထားပါတယ်။ စားနပ်ရိက္ခာနဲ့ မြေသြဇာထုတ်လုပ်မှု မြှင့်တင်ရန်၊ တိုင်းပြည်အတွင်းမှာ လူမှုဖူလုံရေး စနစ်တွေကို ဖော်ဆောင်ရန်၊ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို ပိုမိုလက်လှမ်းမီဖို့ ဆောင်ရွက်ရန်၊ အသေးစား စားသောက်ကုန် ထုတ်လုပ်သူ တွေကို အားပေးရန်၊ ငတ်မွတ်ဘေးကို လျှော့ချဖို့ လုပ်နေတဲ့ ပရဟိတအဖွဲ့အစည်း တွေကို ရန်ပုံငွေပိုထည့်ရန် တို့ ဖြစ်ပါတယ်။