ထားဝယ် အရှေ့တောနယ် လျှပ်စစ်မီး ပုံမှန်မရသည့်အပြင် ဖုန်းနှင့် အင်တာနက်လိုင်းလည်း ပြတ်

0
392

ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ် ထီးခီးသွားလမ်းပေါ်ရှိ ကျေးရွာအချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ပုံမှန်မရဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ နောက်ဆုံးပတ်ကတည်းက ယနေ့အချိန်အထိ ၂၄ နာရီ လျှပ်စစ်မီးမရတော့ဘဲ ညအချိန် အချိန်ပိုင်းမျှသာ ရရှိတော့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်မီး ပုံမှန်မရဘဲဖြစ်နေရာမှ မေလတတိယအပတ်မှစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပါ အဖြတ်ခံနေရကြောင်း ဒေသခံအချို့က ဆိုသည်။

ထားဝယ်- ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အထထ်ပါ အခြေအနေများကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို နေ့ဖက်တွင် တောက်လျှောက်ဖြတ်တောက်ခံထားရပြီး ညအချိန်ရောက်မှ ပြန်ဖွင့်ပေးကြောင်း ၎င်းတို့က ပြောဆိုကြသည်။

“ဒီနေ့ ည ၇ နာရီလောက်မှ ဖုန်းလိုင်းပြန်ရတယ်။ နေ့ဖက်ဆို တစ်နေ့လုံး မရဘူး။ ကိစ္စကြီးငယ်ရှိလည်း ဆက်မရဘူး။ ဖုန်းလိုင်းရမှ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာ မြန်မြန် (အွန်လိုင်းပေါ်) တက်ကြည့် နေရတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ (မေ ၂၅) ည‌ ၇ နာရီအချိန်တွင် ပြောသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မရသည့် ကျေးရွာအရေအတွက်ကိုမူ တိတိကျကျ မသိရပေ။

Dawei Watch အနေဖြင့် မေလ ၂၅ ရက်‌ နေ့ခင်းဘက်တွင် ဟိန္ဒားကျေးရွာ၊ ပကာရီကျေးရွာ၊ တောင်သုံးလုံး၊ ကျောက်မဲတောင် ကျေးရွာဒေသခံများထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ တစ်ယောက်မျှ ဆက်သွယ်မရခဲ့ဘဲ စက်ပိတ်ထားသည်နှင့်သာ တွေ့ခဲ့ရသည်။

ယင်းအပြင် ‌ကျောက်မဲတောင်၊ တောင်သုံးလုံး ကျေးရွာတို့တွင် စက်သုံးဆီ၊ သား၊ ငါး၊ ဟင်းသီး၊ ဟင်းရွက်တို့ ရှားပါးပြတ်တောက်နေပြီး ဆန်၊ ဆီကဲ့သို့ စားနပ်ရိက္ခာများလည်း ပြတ်တောက်လု ဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ် ထီးခီးသွားလမ်းပိုင်းကို ပိတ်ထားကြောင်း ကြေညာထားသဖြင့် ယင်းကဲ့သို့ စားနပ်ရိက္ခာများ ပြတ်တောက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယနေ့တွင်မူ လမ်းကြောင်းပြန်ဖွင့်ပေးထားသဖြင့် ကားသမားအချို့ ထားဝယ်မြို့တွင် စားနပ်ရိက္ခာများ တင်ဆောင်လာသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

“ကားလမ်း သုံးရက်ဖွင့်ပေးမယ်လို့တော့ ကြားတယ်။ အတိကျတော့ မသိဘူး။ ကားလမ်းကို ဘယ်သူ တွေက ပိတ်ထားမှန်းလည်း မသိဘူး။ ဒီမှာက အဖွဲ့တွေ တော်တော်များတယ်‌လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၄ ရက်မှက ထားဝယ်- ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ယင်းဒေသတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မူများ မကြာခဏ ဖြစ်ပွားနေသည်။ ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။

ယင်းကဲ့သို့ ရဲစခန်း ပစ်ခတ်ခံရပြီးနောက်ပိုင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်နေချိန် ကျေးရွာနှစ်ဆယ်ခန့်မှာ ၂၄ နာရီ မီး ပုံမှန်မရတော့ဘဲ အချိန်ပိုင်းသာရရှိနေခဲ့ရာမှ ယခု ကျေးရွာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မရသည့် အခက်အခဲနှင့် ဒေသခံများ ရင်ဆိုင်နေကြရသည်။

ဧပြီလ နောက်ဆုံးအပတ်မှစပြီး ၂၄ နာရီ လျှပ်စစ်မီး ပုံမှန်မရတော့ဘဲ ညဦးပိုင်းနှင့် နံနက်ပိုင်း အချိန် တို့တွင်သာရရှိပြီး တစ်နေ့လျှင် ၅ နာရီဝန်းကျင်သာ ရရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

“တစ်နေ့ဘယ်နှစ်နာရီရလဲလို့ မပြောတတ်ဘူး။ ပုံမှန်မှမရှိဘဲကိုး။ ငါးနာရီပေးတာလည်း ရှိတယ်။ ခုနစ်နာရီလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လျှပ်စစ်မီး ပုံမှန်မရတော့သည့်ကျေးရွာများမှာ တောင်သုံးလုံး၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ ဟိန္ဒားပြင်၊ ဟိန္ဒူချောင်း၊ မြောင်းပြို အပါအဝင် ကျေးရွာနှစ်ဆယ်ဝန်းကျင်ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကျေးရွာများသို့ ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားဖြန်းဖြူးနေသည့် Perto & Trans ပုဂ္ဂလိက ကုမ္ပဏီက ဒီဇယ်ဆီဖြင့် မောင်းနှင်းကာ လျှပ်စစ်မီးဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ဒီဇယ်ဝယ်မရတော့လို့ မီးမပေးတော့ဘူးလို့တော့ သိရတယ်။ သေသေချာချာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

Perto & Trans ကုမ္ပဏီမှာ ထားဝယ်ခရိုင် ကျေးရွာအချို့ကို သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးခွင့်ကို NLD အစိုးရလက်ထက်ကတည်းက တင်‌ဒါအောင်ထားသည့် ကုမ္ပဏီဖြစ်သည်။

ယခုလျှပ်စစ်မီးပုံမှန်မရတော့သည့် ထားဝယ်- ထီးခီးလမ်းရှိ ကျေးရွာများကိုမူ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး မဖြန့်ဖြူး‌နိုင်သေးသဖြင့် ဒီဇယ်ဖြင့် ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

လျှပ်စစ်ယူနစ်ဈေးနူန်းမှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဖြန့်ဖြူးနေသည့် ဒေသများနှင့် အတူတူပင်ဖြစ်ပြီး တစ်ယူနစ် ၂၉၈ ကျပ် ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။