အမေရိကတွင် မူလတန်းကျောင်းအတွင်း သေနတ်ဖြင့်ဝင်ပစ်၍ ကလေး ၁၉ ဦးသေဆုံး

0
427
အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် ကလေး ၁၉ ဦးသေဆုံးခဲ့ရသည်

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းကို ဆယ်ကျော်သက် လက်နက်ကိုင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေး ၁၉ ဦးနှင့် လူကြီး ၂ ဦးသေဆုံး သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။

အသက် (၁၈)နှစ်အရွယ် သေနတ်သမားသည် သံချပ်အင်္ကျီ၊ ရိုင်ဖယ်သေနတ်နှင့် ကျောပိုးအိတ်ကိုလွယ်၍ တက္ကဆတ်ပြည်နယ် အူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းကို ဝင်ရောက်ပြီး စာသင်ခန်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသေနတ်သမားကို ဥပဒေစိုးမိုးရေး အရာရှိများက ပစ်ခတ်သုတ်သင်လိုက်ရသည်။

တရားခံလူငယ်သည် AR-15 ဆီမီးအော်တို ရိုင်ဖင်နှင့် ကျည်ကပ်များ ကိုင်ဆောင်ထားကာ ရာဇဝတ်မှုကို တစ်ဦးတည်း ကျူးလွန်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။

ကျောင်းထဲဝင်ပြီး မြင်လေရာ မပစ်သတ်ခင် အကြမ်းဖက်သမားလူငယ်သည် ၎င်း၏ အဖွါးဖြစ်သူကို အရင်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် အနီးအနားဒေသက အထက်တန်းကျောင်းသား တစ်ဦးဖြစ်ကြောင်း ဒေသမီဒီယာတစ်ခုက သတင်းထုတ်ပြန်ထားသည်။

ဆာဗေဒိုးရာမို့စ် ဟု အမည်ရသော သေနတ်သမားလူငယ်သည် ကျောင်းရှေ့တွင် ကားရပ်ကာ အတင်းဝင်ရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်အဘော့က ပြောကြားသည်။

သေဆုံးသွားသူများတွင် ဆရာမတစ်ဦးလည်းပါဝင်ပြီး အဆိုပါကျောင်းသည် စပိန်စကားပြောအနွယ်ဝင် ကလေးများ ပိုများသည့် ကျောင်းသား (၅၀၀) ခန့်တက်နေသည့် ကျောင်းဖြစ်သည်။

ပြီးခဲ့သည့် ၆ နှစ်ခန့်ကလည်း အမေရိကန်ပြည်ထောင်စုရှိ Sandy Hook မူလတန်းကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပြီး ပစ်ခတ်မှုကြောင့် ကျောင်းသား ၂၀ ဦးအပါအဝင် လူပေါင်း ၂၆ ယောက်သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် အသက် ၆ နှစ် ၇ နှစ်အရွယ် မူလတန်းကျောင်းသား ၂၀ ဦးသေဆုံးခဲ့ပြီး ကျောင်းသားများကို အန္တရာယ်ကင်းရန်အတွက် အသက်ပေးကာကွယ်ခဲ့သော ဆရာ ၆ ဦး လည်လည်းအသက်ဆုံးရှုံးခဲ့ရသည်။