တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၃၆ ကြိမ်အထိဖြစ်ပွား

0
376

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က မေလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းအရေအတွက်မှာ စစ်တပ်က အာဏာစသိမ်းသည့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်‌အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ရေတွက်ထားခြင်းဖြစ်သည်။

ယင်းကာလအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း လေးထောင်ခြောက်ရာကျော်(၄၆၇၉ ကြိမ်) ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အများဆုံးဖြစ်ပွားခဲ့ကာ တိုက်ပွဲပေါင်း သုံးထောင်ကျော်( ၃၁၀၇ ကြိမ်ထက်) ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားသည့်တိုက်ပွဲမှာ တစ်ထောင်ကျော်( ၁၅၁၁ အကြိမ်) ရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲမှာ ၄၁ ကြိမ်ထက်မနည်းရှိပြီး စစ်ကောင်စီနှင့် အမည်မသိအဖွဲ့တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲမှာ အကြိမ် ၂၀ ထက်မနည်းရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တနင်္သာရီတိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၃၆ ကြိမ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား ထိတွေ့မှုမှာ အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြားတွင်မူ အကြိမ်အနည်းငယ်သာ ထိတွေ့မှုရှိခဲ့ကြောင်း ISP-Myanmar ၏မှတ်တမ်းများကဆိုသည်။

တနင်္သာရီတိုင်းအတွင်း ပြည်သူကာကွယ်ရေးအဖွဲ့  ၃၀ ကျော်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး( KNU) နှင့် မွန်ပြည်သစ်ပါတီတို့ ထိန်းချုပ်ထားသော နယ်မြေအချို့လည်းရှိသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲများ ဖြစ်ခဲ့သလို KNU နှင့် စစ်ကောင်စီတို့အကြားလည်း တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။

သို့သော်မွန်ပြည်သစ်ပါတီနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကိုမူ ကြားသိရခြင်းမရှိပေ။

မနေ့ (မေ ၂၃)က မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီခေါင်းဆောင်များ နေပြည်တော်တွင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုအပေါ် မွန်လူထုက ဝေဖန်မှုများရှိခဲ့သလို မွန်ပြည်သစ်ပါတီ၏ ရပ်တည်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

Dawei Watch ၏ မှတ်တမ်းများအရ အမျိုးသားညီညွတ်ရေးအစိုးရ( NUG) က တစ်နိုင်ငံလုံး အရေးပေါ်‌အခြေအနေ ကြေညာခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစပြီး တနင်္သာရီတိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

NUG က အရေးပေါ်အခြေအနေ မကြေညာခင်က တိုင်းအတွင်း တိုက်ပွဲပုံစံ ထိတွေ့ပစ်ခတ်မူများ မရှိသေးဘဲ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကို ပစ်ခတ်သတ်ဖြတ်မူများသာရှိခဲ့သည်။

လက်ရှိတွင်လည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ဒေသ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများတွင် သောင်းနှင့်ချီသည့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး မိုးရွာသွန်းမှုများကြောင့် အမိုးအကာနှင့် စားနပ်ရိက္ခာ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။

ISP-Myanmar က ထုတ်ပြန်သည့် တိုက်ပွဲအချက်အလက်များသည် သတင်းမီဒီယာများနှင့် လက်နက်အဖွဲ့များ၏ ထုတ်ပြန်ချက်များကို လက်လှမ်းမီသမျှ စုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် အရေအတွက်ပိုများနိုင်ကြောင်း ISP အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။