ပေါင်တွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၉၀ ကျော် ပျက်စီး

0
234

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယနေ့ (မေ ၂၄) နေ့လယ်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က အလှပ်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်းဖြစ်ပြီး လုံးဝ ပြိုကျပျက်စီးသွားသည့် အိမ်များလည်း ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

“ထိခိုက်သွားတဲ့အိမ် ၉၀ ကျော်တယ်။ လုံးဝ ပျက်စီးသွားတဲ့ အိမ်ကတော့ ၃ လုံးလောက်ရှိတယ်။ တော်တော်အခြေအနေဆိုးတယ်” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေအိမ်အများစုသည် အမိုးလန်၊ အမိုးပေါက်၊ သွပ်ပြားလွင့်စင်၊ အိမ်ထက်ဝက်တစ်ပျက် ပါသွားသည့်အပြင် တစ်အိမ်လုံး ယိုင်သွားသည်လည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

လေဆင်နှာမောင်းကြောင့် တစ်ရွာလုံးရှိ တွင် မထိခိုက်သည့်အိမ် မရှိသလောက်ဖြစ်ကြောင်း အလှပ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်သွားတာက ၁၂ နာရီကျော်ကျော်အချိန်မှာ။ မိုးလည်း မရွာဘူး။ လေက နည်းနည်းတိုက်နေရင်းကနေ ဝုန်းဆိုပြီး တစ်ချက်တည်းနဲ့ အကုန်ပါသွားတာ။ လွတ်တဲ့အိမ် မရှိသလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် လူထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီ ရှင်းလင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မေလ ၂၀ ရက်နေ့က တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မွန်ပြည်နယ်တွင် လူသေဆုံးမှုရှိခဲ့သည့်အပြင် ပေါင်မြို့နယ်အပါအဝင် တစ်ပြည်နယ်လုံးတွင် နေအိမ်အဆောက်အအုံ ရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်။