လောင်းလုံး ကျောက်နီမော်ရွာဒေသခံ‌လေးဦး အဖမ်းခံရ၊ တစ်ဦးပြန်လွတ်

0
606

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ ဒေသခံလေးဦး အဖမ်းခံရပြီး တစ်ဦး ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မေလ ၂၃ ရက်က ဦးကျော်စိုးနှင့် ဒေါ်မကမ်းသားဆိုသူနှစ်ဦး အဖမ်းခံခဲ့ရပြီး ယနေ့ (မေ ၂၄) ရက်တွင်မူ ဒေါ်အင်ကြူနှင့် ဒေါ်စန်းမဲဆိုသူနှစ်ဦး ထပ်မံအဖမ်းရကြောင်း ဒေသခံအချို့က ပြောသည်။

ဒေါ်စန်းမဲမှာ နံနက်ပိုင်း ဖမ်းဆီးခံရပြီး မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။

“တကယ်က အခုဖမ်းခံရတဲ့သူတွေမှာ နိုင်ငံရေးလုပ်ဖူးတဲ့သူ တစ်ယောက်မှ မပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောက်နီမော်ရွာခံ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်များက ‌ဦးဆောင်ကာ လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မည်သည့်အတွက် လာရောက်ဖမ်းဆီးသည်ကိုမူ တိတိကျကျ မသိရကြောင်း ဒေသခံအချို့က ပြောသည်။

“ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရဘူး။ လူမူရေးကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ သူတို့နဲ့ (ပျူစောထီးအဖွဲ့ဝင်) မတည့်တဲ့ သူဆိုရင် နည်းနည်းလေး ရန်တိုက်ပေးလိုက်တာနဲ့ ဖမ်းသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲ သုံးနာရီကျော်အချိန်အထိ မေးမြန်းချက်အရ အဖမ်းခံရသူသုံးဦး ပြန်မလွတ်လာ သေးသည့်အပြင် မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

မေလ ၁၈ ရက်နှင့် မေလ ၂၀ ရက်ကလည်း လောင်းလုံးမြို့နယ် ဟင်းချိုတောရွာဒေသခံလေးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားပြီး ပြန်လွတ်မြောက်လာခြင်း ရှိ မရှိကိုမူ မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။