ထိုင်းတွင် မြန်မာအမျိုးသမီးနှစ်ဦးရုပ်အလောင်း စွန့်ပစ်ခံထားရ

0
844

ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်တွင် စွန့်ပစ်ခံထားရသော အမျိုးသမီးရုပ်အလောင်းနှစ်ခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း မေလ ၂၃ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေသော ‌အလောင်း နှစ်လောင်းကို မေလ ၁၉ ရက်နေ့တွင် ချိုင်နတ်ခရိုင် (Chai Nat) ဟန်နမ်းစခွန်မြို့၊ ဘန်နောင်သာတွန်ရွာရှိ လမ်းဘေးတောတစ်‌နေရာတွင် နွားကျောင်းသားတစ်ဦးက တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

စုံစမ်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အလောင်းစွန့်ပစ်သွားသော ထိုင်းနိုင်ငံသား ကားသမား သုံးဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောဆိုသည်။

ကားသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၀ ဦးကို တာခ့်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာတစ်ခုမှ သီးနှံများတင်ဆောင်လာသောကားဖြင့် တင်ဆောင်ကာ အာရှလမ်းမကြီး တစ်လျှောက် မောင်းနှင်ခဲ့သည်ဟုထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် ချိုင်နတ်ခရိုင်တွင် ကားချိန်းစဉ်တွင် မြန်မာအလုပ်သမား နှစ်ဦးသေဆုံးနေသည်ကို တွေ့ရ သဖြင့် သွားရောက် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမျိုးသမီး နှစ်ဦးသေဆုံးသည့်ဖြစ်စဉ်တွင် သက်သေအခိုင်အမာရရှိရန် ထပ်မံစုံစမ်းမေးမြန်းသွားမည်ဖြစ်ပြီး အတူလိုက်ပါလာသော ကျန်မြန်မာအလုပ်သမား ရှစ်ဦးနှင့် အဆက်အသွယ်ရရှိရန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို သေဆုံးပြီး နှစ်ရက်အကြာတွင် ပြန်တွေ့ခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်ကို စုံစမ်းနေကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ဆောင်ရွက်ပေးနေသည့် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှာ တာဝန်ရှိသူ ကိုဇော်က ပြောသည်။

“သူတို့ ဇာတိတွေ မသိရသေးဘူး။ ကားပေါ်မှာအတူပါလာတဲ့ ကျန်တဲ့ ၈ ယောက်နဲ့ အဆက်အသွယ် မရသေးတာ။ ကားသမားတွေက ထိုင်းတွေပဲဆိုတော့ ‌သူတို့လည်း မသိကြဘူး” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ၏ ဖုန်းကို Dawei Watch က ယနေ့ (မေ ၂၄) နံနက် ၁၁နာရီခွဲနှင့် မွန်းလွဲ ၂နာရီခွဲကျော်တွင် ဆက်သွယ်မေးမြန်းရာ အစည်းအဝေး တက်ရောက်နေသဖြင့် မဖြေကြား နိုင်သေးကြောင်း ဖုန်းလက်ခံဖြေကြားသူက ပြောဆိုသည်။

ပြီးခဲ့သော မေလ ၆ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်ကို အရှိန်ဖြင့် မောင်းပြေးသော ပစ်ကပ်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြန်မာ အလုပ်သမား တစ်ဦးသေဆုံးခဲ့သည်။

မေလ ၉ ရက်နေ့ကလည်း တာ့ခ်ခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ကား ချောက်ထဲ ထိုးကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့သေးသည်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်ပြီးနောက် အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းလာခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်မှု မြင့်တက်နေဆဲဖြစ်သည်။

ကိုးကား – Police Thailand News, Thairath ไทยรัฐออนไลน์