ထားဝယ်မြို့ ကမ်းနားဈေးတွင် ဈေးသည်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

0
875

ထားဝယ်မြို့၊ ကမ်းနားဈေးတွင် ယနေ့ (မေ ၂၄) နံနက် ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး အသက် ၆၀ကျော်အရွယ် ဈေးသည် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၆၀ ကျော်ခန့်ရှိ ဒေါ်ညွန့်လှိုင်ဖြစ်ပြီး ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ကာစတန်ဘက်ခြမ်းတွင် နေထိုင်သူဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပစ်ခံရတာ ကိုအောင်ခိုင်ရဲ့ အမေလို့ပြောတယ်။ သူ့သားက PDF က။ အဲဒါကြောင့် ပျူစောထီးအဖွဲ့က သူ့အမေကို သတ်တာလိုလိုလည်း ပြောနေကြတယ်” ဟု အဆိုပါအမျိုးသမီးက ပြောဆိုသည်။

၎င်းမှာ ကမ်းနားဈေးအနောက်ဘက်ခြမ်း ကားလမ်းမအနီးတွင် ငါးရောင်းနေသူတစ်ဦးဖြစ်ပြီး သေနတ်သံ နှစ်ချက်ကြားလိုက်ရသော်လည်း မည်သူတို့က ပစ်ခတ်ခဲ့သည်ကို အတိအကျ မသိလိုက်ကြောင်း ဈေးသည်အချို့က ပြောသည်။

“သေနတ်သံ နှစ်ချက်ကြား လိုက်တယ်။ ငါးဈေးတန်းဘက် ဒူးရင်းသီးခုံနားမှာ မိန်းမကြီး တစ်ယောက် မှောက်နေပြီလို့ပဲ ကြားတယ်” ဟု ကမ်းနားဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

သေနတ်သံ နှစ်ချက်ကြားပြီးနောက် ကမ်းနားဈေးမှ ဈေးသည်အားလုံး နံနက် ၉ နာရီခန့်တွင်ပင် ပစ္စည်း အမြန်ကောက်သိမ်းပြီး အိမ်ပြန်လာကြကြောင်း ဈေးသည်များထံမှ သိရသည်။

ဒေါ်ညွန့်လှိုင်ကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဈေးသည်အချို့၏ ပြောဆိုချက်အရ ‌‌ကမ်းနားဈေး အမိုးအပြင်ဘက် အဝင်ဝနား ငါးဈေးတန်းဘက်တွင် ဈေးရောင်းနေသည့် ဒေါ်ညွန့်လှိုင်ကို လူနှစ်ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ပျူစောထီး၊ သွေးသောက်အဖွဲ့၊ စွန်ရဲအဖွဲ့က ပစ်ခတ်သည်ဟု သတင်းထွက်ပေါ်သလို စစ်ကောင်စီတပ်က ပစ်ခတ်သည်ဟုလည်း သတင်းအမျိုးမျိုးထွက်ပေါ်နေကြောင်း ဈေးသည်အချို့က ဆိုသည်။

ပစ်ခတ်မှုဖြစ်ချိန်တွင် ရဲနှင့် စစ်သားအချို့ရောက်လာပြီး အလောင်းကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးကို လာရောက်သယ်ဆောင်သွားကြောင်း ဈေးသည်အချို့ထံမှ သိရသည်။

သေဆုံးသူအမျိုးသမီးကြီးမှာ လည်ပင်းမှ ပါးစပ်ကိုဖြတ်ကာ ဖောက်ထွက်သွားသည့် သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးနေကြောင်း အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။