‘မျောက်ကျောက်’ ဆိုတာကြောက်စရာလား

0
1991
တချို့အချိန်တွေမှာ Monkeypox ဟာ ပြင်းထန်တတ်ပါတယ်။ ဓာတ်ပုံ - arabiaweather

Monkeypox အကြောင်းက လူသိနည်းသေးတယ် ဆိုပေမယ့် ဥရောပနိုင်ငံတွေ ဗြိတိန်၊ ပြီးတော့ အမေရိကန်ဘက်ခြမ်းမှာ အမေရိကန်နဲ့ကနေဒါ ၊ သမုဒ္ဒရာပိုင်းမှာ သြစတြေးလျ အထိ တွေ့နေရပါပြီ။ ပြီးခဲ့တဲ့ သောကြာနေ့ကတင် ဗြိတိန်မှာ ကူးစက်ခံရသူ (၂၀) လောက်ဖြစ်နေပါပြီ။ ကူးစက်မှုအသစ်တွေ (၁၁) ခုအထိ တွေ့နေရပြီးတော့ ရောဂါဝေဒနာတော့ အားပျော့တယ်လို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီး ဆာဂျစ်ဂျာဗစ် က ပြောကြားတယ်။ မျောက်ကျောက်ရောဂါကို ကာကွယ်ဖို့အတွက် ဗြိတိန်အစိုးရက ကျောက်ရောဂါ ကာကွယ်ဆေး တွေကို အဆင်သင့်ပြင်နေပါပြီ။

မျောက်ကျောက် (Monkeypox) ဟာ ဘယ်လောက်တွေ့ရများသလဲ

မျောက်ကျောက် ဟာ monkeypox ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေကျောက်၊ ကျောက်ကြီး စတဲ့ smallpox ဗိုင်းရပ်စ် အနွယ်ဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ မျောက်ကျောက်က ပြင်းထန်မှုအားပိုပျော့ပြီး ကူးစက်ခံရမှုနူန်းက နိမ့်တယ်။ အပူပိုင်းမိုးသစ်တောတွေနဲ့ နီးတဲ့ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်း နိုင်ငံတွေရဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာ ဖြစ်တာများပါတယ်။ အဓိက ဗိုင်းရပ်စ်အတွဲက နှစ်ခုရှိပါတယ်။ အနောက်အာဖရိက မျိုးစိတ်နဲ့ ဗဟိုအာဖရိကမျိုးစိတ်ရယ်လို့ပါ။

UK  မှာတွေ့ရတဲ့ ကူးစက်ခံရသူနှစ်ဦးဟာ မကြာသေးခင်ကမှ နိုက်ဂျီးရီးယား က ပြန်လာကြသူတွေ မို့ ပုံမှန်အားဖြင့် အားပျော့လေ့ရှိတဲ့ အနောက်အာဖရိက ဗိုင်းရပ်စ်အမျိုးအစား ကူးခံရတာ ဖြစ်ဖို့များပါတယ်။

နောက်ထပ် ကူးစက်ခံရမှု ဖြစ်စဉ်ကတော့ လူနာတစ်ဦးဆီကနေ ကျန်းမာရေးလုပ်သားတစ်ဦး ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းထပ်တွေ့လာရတဲ့ ဖြစ်စဉ်တွေမှာတော့ လူနာတစ်ဦးနဲ့တစ်ဦး အထိအတွေ့ မရှိခဲ့တာတွေ၊ ခရီးသွားရာဇဝင်မရှိတာတွေ ပါလာပါတယ်။ ရောဂါကူးစက်ခံရတယ်လို့ သံသယဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်သူများကို ကြိုတင်အသိပေးပြီး သွားပြသင့်တယ်လို့ ဗြိတိန် ကျန်းမာရေးဌာနက ဆိုထားပါတယ်။

ဘယ်လိုကူးစက်တတ်သလဲ

ရောဂါကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ် နေမယ်ဆိုရင် Monkeypox ကူးစက်ခံရနိုင်ပါတယ်။ ဒီဗိုင်းရပ်စ် ဟာ အရေပြားအနာ အက်ကွဲကြောင်းတွေ၊ အသက်ရှူလမ်းကြောင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကနေ ကူးစက် နိုင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံစဉ်မှာ အနီးကပ် အထိအတွေ့တွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။ ကူးစက်ခံထားရတဲ့ မျောက်၊ ကြွက်၊ ရှဉ့် စတဲ့ တိရစ္ဆာန်တွေ နဲ့ ထိတွေ့တာ၊ ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့ ထိတွေ့ထားတဲ့ အိပ်ရာခင်း၊ အဝတ်အထည်တွေကနေလည်း ကူးစက်ခံရနိုင် ပါတယ်။

ဘယ်လောက် အန္တရာယ်ကြီးလဲ

ကူးစက်ခံရမှု ဖြစ်စဉ် အားလုံးနီးပါးကတော့ ပျော့ပါတယ်။ ရေကျောက်တွေ ပေါက်လာပြီးတော့ တစ်ပတ်လောက် အတွင်းမှာပဲ ပြန်ပျောက်သွားတာပါပဲ။ တချို့အချိန်တွေမှာ Monkeypox ဟာ ပြင်းထန်တတ်ပါတယ်။ အနောက် အာဖရိကမှာတော့ လူသေဆုံးတဲ့ ဖြစ်စဉ်တချို့ ရှိပါတယ်။

လိင်တူချင်းဆက်ဆံသူတွေက ပိုဖြစ်တတ်တာလား

လိင်တူချင်းဆက်ဆံသူတွေ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံး ဆက်ဆံသူတွေမှာ အချို့ဖြစ်စဉ်တွေ တွေ့ရတယ် ဆိုပေမဲ့ monkeypox ရှိသူ နဲ့ အနီးကပ် ထိတွေ့သူ ဘယ်သူမဆိုက ကူးစက်ခံရနိုင်တာချည်းပါပဲ။ ဗြိတိန် နဲ့ ဥရောပ မှာ လိင်တူလိင်ကွဲ ဆက်ဆံသူ အမျိုးသားတွေမှာ တွေ့ရတဲ့နူန်းက သိသာတဲ့ ပမာဏနဲ့ မြင့်မားတာမို့ ရောဂါလက္ခဏာတွေကို သတိထားပြီး စိုးရိမ်တယ်ဆိုရင် အကူအညီရယူဖို့ ၎င်းတို့ကို တိုက်တွန်းထားတယ်လို့ ဗြိတိန်ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အေဂျင်စီ က ပြောထားပါတယ်။

ဘယ်လိုကုသမှုခံယူရလဲ

ရောဂါကူးစက်မှုကို ကာကွယ်ခြင်းနဲ့အတူ ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ပါတယ်။ ရေကျောက် တို့ ကျောက်ကြီး တို့ ကာကွယ်ဆေးတွေဟာ monkeypox ကာကွယ်ရာမှာ ၈၅ရာခိုင်နူန်းထိရောက်တယ်လို့ သက်သေရှိပါတယ်။ ဗြိတိန်မှာတော့ ကျောက်ရောဂါကာကွယ်ဆေးတွေ ဝယ်ထားပါပြီ။ ဗိုင်းရပ်စ် ခုခံဆေးတွေနဲ့လည်း ကုသလို့ ရပါတယ်။

အများပြည်သူအနေနဲ့ စိုးရိမ်သင့်ပြီလား

ဗြိတိန်ကျန်းမာရေးဌာနကတော့ တနိုင်ငံလုံးအဆင့် ကပ်ရောဂါဘေး ဖြစ်မယ်ဆိုတဲ့ အဆင့်ကို မရောက်သေးပါဘူး ၊ ဖြစ်နိုင်ချေက နည်းပါးပါတယ်လို့ ပြောထားတယ်။ ထိတွေ့သူ ၅၀ ဦးမှာ တစ်ဦးကိုပဲ ကူးတယ်ဆိုတဲ့ ဖြစ်စဉ်အရ ဗိုင်းရပ်စ်ဟာ ကူးစက်မှုနည်း အားပျော့တယ်လို့ နော့တင်ဟမ်တက္ကသိုလ် မော်လီကျူး ဗိုင်းရပ်စ်ဌာနက ပါမောက္ခ ဂျိုနသန်ဘော က ပြောကြားပါတယ်။ နိုင်ငံအဆင့် ကပ်ရောဂါဘေး ဖြစ်လာမယ်ဆိုတဲ့ အချက်က မှားယွင်းပါတယ်။ ယခုအခါ ဗြိတိန်မှာတော့ ကူးစက်ခံရသူများနဲ့ ထိတွေ့ထားသူ တွေကို စောင့်ကြည့်နေပြီး အကြံဉာဏ်ပေးနေပါတယ်။