အကြွေးနွံထဲကျနေတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ

0
43

တနင်္သာရီတောင်ပိုင်းရှိ အသေးစား စီးပွားရေး လုပ်ငန်းများမှာ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်တည်ရခက်ခဲလာပြီး လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားကြရသည်။

ဆက်လက်လုပ်ကိုင်နေသည့် လုပ်ငန်းများမှာလည်း အကြွေးများဖြင့် လည်ပတ်နေရသည့်အတွက် အတိုးပိကာ အကြွေးနွံထဲကျရောက်နေကြရသည်။

ယင်းကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်အချို့ကို တွေ့ဆုံကာ လုပ်ငန်းလည်ပတ်နေမှု အခြေအနေနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းကာ ယခုအပတ်တနင်္သာရီပုံရိပ်များ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“မနက်ဖြန်အတွက် ရင်းဖို့တောင် သိပ်မကျန်တော့ဘူးလေ”

တစ်နိုင်တပိုင် လက်ဖက်ရည်ဆိုင်ရှင်အမျိုးသမီး (ထားဝယ်မြို့)

DW ။ လက်ရှိဆိုရင် အကြွေးဘယ်လောက်ရှိပြီး ဘယ်လိုဆပ်နေရလဲ

ဖြေ ။  အခုဆိုရင် အကြွေးအနေနဲ့ နေ့ပေး (ကျပ်)လေးသိန်းနဲ့ နေ့ပြန်တိုး (ကျပ်)တစ်သိန်းပေးနေရတယ်၊ ချေးထားတဲ့ လေးသိန်းအတွက် တစ်ရက်ကို တစ်သောင်းပေးနေရတာ။ နေ့ပြန်တိုးကတော့ တစ်ရက်ကို တစ်ထောင်ကျပေးနေရတယ်။ အကြွေးရှင်ကတော့ စုစုပေါင်း ၂ ယောက်ပါ။

DW ။  အဲငွေတွေကို ဘာကြောင့် ချေးဖြစ်တာလဲ။

ဖြေ  ။ နေ့ပေးကိုတော့ ဆိုင်အရင်းအနှီးအတွက် အရင်ကတည်းက ချေးနေရတာ။ စချေးတုန်းကတော့ တစ်သိန်းပဲ။ ပြီးခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ တဖြည်းဖြည်းများလာတာ။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်း ပိုဆိုးလာတာ အခုဆို နေ့တိုင်းဆပ်လို့တောင် မနိုင်တော့ဘူး။ စစ်ဖြစ်နေတော့ နယ်ကကားတွေလည်း မတက်လာကြတော့ နေ့တိုင်းလူမရှိဘူးလေ။ ရောင်းမကောင်းတော့ဘူးပေါ့။ အခုဆိုရင် နေ့ပေးပေးပြီးရင် မနက်ဖြန်အတွက် ရင်းဖို့တောင် သိပ်မကျန်တော့ဘူးလေ။

အရင်နေ့ပေးအဟောင်းလည်း မပေးနိုင်သလို အရင်းလည်းနည်းလာတော့ နေ့ပြန်တိုးပါ ထပ်ယူလိုက်ရတယ်။ နေ့ပြန်တိုးက လူတိုင်းကို မချေးပေးဘူး။ အခုက နေ့ပေးရှင်က သူ့အကြွေးဟောင်းရှိလို့သာ ပေးလိုက်တာ။ အခုချိန်မှာတောင် ဒီလောက်ကြပ်တည်းနေတာ မိုးတွင်းဆိုရင် ငတ်မလားတောင်မသိဘူး။

(နေ့ပြန်တိုးဆိုသည်မှာ ငွေကျပ်တစ်သိန်းချေးယူပါက အတိုးအဖြစ် ငွေကျပ်တစ်ထောင် နေ့တိုင်းပေးနေရသည်။ အရင်းပြန်မဆပ်မချင်းပေးနေရပြီး တစ်ရက်ပျက်ကွက်ပါက နောက်ရက်တွင် ထပ်ဆောင်းပေးဆောင်ရသည်။ လက်ရှိတွင် အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်)

(နေ့ပေးမှာ အတိုးနှုန်းအဖြစ် ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ပြန်ဆပ်ကာလကိုလည်း ချေးယူသူနှင့် ငွေရှင်အကြား ကြိုတင်ညှိနှိုင်းပြီး ၁ လ၊ ၂ လ ၊ ၃ လ အစသဖြင့် သတ်မှတ်ကြသည်။ ငွေကျပ်တစ်သိန်းချေးပြီး ပြန်ဆပ်ကာလကို ၁ လ သတ်မှတ်ပါက တစ်ရက်လျှင် ကျပ် ၃၀၀၀ ပေးချေရပြီး ၂ လသတ်မှတ်ပါက ၂၀၀၀ ကျပ် ပြန်ဆပ်ရသည်)

အိမ်ခန်းအငှား ဝန်ဆောင်မှုပေးသူ အမျိုးသမီး ( ထားဝယ်မြို့)

DW ။  အခုတလော အိမ်ခန်းငှားတဲ့အလုပ်က ဘယ်လိုအခြေအနေရှိလဲ။ အဆင်ပြေရဲ့လား။

ဖြေ။ အဆင်မပြေပါဘူး။ ငှားမယ့်သူလည်းမရှိဘူးလေ။ အရင်ကဆိုရင် (တက္ကသိုလ်) ကျောင်းသူတွေရှိတယ်၊ (နယ်ကနေထားဝယ်မှာ) အလုပ်လာလုပ်တဲ့သူတွေရှိတယ်။ သူတို့တွေအဓိကငှားရတာပေါ့။ အိမ်ခန်းမငှားရတာ တစ်နှစ်လောက်တောင်ရှိနေပြီ။ အခုက ကျောင်းတက်မယ့်သူလည်းမရှိ၊ အလုပ်လာလုပ်မယ့်သူလည်း မရှိကြတော့ဘူးလေ။ နောက်ပိုင်း အိမ်ခန်းငှားစားတဲ့သူတွေကလည်း တဖြည်းဖြည်းများလာတာ လည်းပါမယ်ထင်တယ်။

DW ။  ဘယ်အချိန်ကတည်းက အခုလိုအိမ်ခန်းငှားတဲ့သူ နည်းလာတာလဲ။

ဖြေ။ ကိုဗစ်စဖြစ်ကတည်းကပဲ။ ကျောင်းတွေပိတ်၊ ရုံးတွေပိတ်လိုက်ကတည်းကလေ။ အဲဒီကတည်းက အခုချိန်ထိပဲ။

DW ။  အခုလက်ရှိ အိမ်ခန်းငှားရာကနေ တစ်လဘယ်လောက်ရလဲ။

ဖြေ။ တစ်လတစ်သိန်းတောင်မပြည့်ပါဘူးရတာ။ အိမ်ခန်းငှားတဲ့သူမရှိကြတော့ဘူးလေ။ အခုလောလောဆယ်တော့ နှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက်ကလဲ ဆွေမျိုးတွေထဲကပါပဲ။ သင်တန်းလာတက်ကြတာ။ နှစ်လ၊ သုံးလလောက်နေပြီးရင်ပြန်ကြတော့မှာ။ ပုံမှန်ဆိုရင်တော့ တစ်ယောက်ကို အခန်းခ (လျှပ်စစ်မီး၊ ရေသုံးစွဲခအပါအဝင် တစ်လ ) ငါးသောင်း ( မှတ်ချက် ။  အခန်းခဈေးနူန်းမှာ အဆောင်ပေါ်မူတည်ပြီး ဈေးနူန်းအမျိုးမျိုးရှိသည်) ၊ အရင်က သုံးသောင်းငါးထောင်ပဲယူတယ်။ အခုက မီတာခကဈေးကြီး၊ အစစအရာရာပဲဈေးကြီးနေတာဆိုတော့ ဈေးနဲနဲတင်ထားတာ။ အခုနေတာကဆွေမျိုးဆိုတော့ (အခန်းခ) အပြည့်မယူဘူးလေ။

DW ။ အိမ်ခန်းမငှားရတာကြာပြီဆိုတော့ စားဝတ်နေရေးအဆင်ပြေရဲ့လား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ အကြွေးတင်နေတာပေါ့။ အိမ်မှာသမီးတစ်ယောက်က တစ်လ တစ်သိန်းကျော်ကျော်လေးရတယ်။ အဲတာလေးနဲ့ အခုအိမ်ခန်းငှားခရတာလေးနဲ့ မိသားစုစား။အဆင်ပြေတယ်။ ဟိုးတလောက ကိုဗစ်ဖြစ်တော့ ပိုက်ဆံလိုတာနဲ့ ‌ငွေတိုးချေးလိုက်တာ ကြွေးတင်သွားတယ်။

DW ။ အကြွေးဘယ်လောက်ရှိနေတာလဲ။

ဖြေ။ အကြွေးလား။ (ကျပ်)ခြောက်သိန်း၊ ခုနစ်သိန်းလောက်ရှိပြီထင်တယ်။ စချေးတုန်းက (ကျပ်)သုံးသိန်းခွဲပဲ။ အတိုးကကြီးတော့ ဆယ်သိန်းလောက်ဖြစ်သွားတာ။ အရင်တုန်းကတော့ အသေးစားငွေချေးလုပ်ငန်းတွေမှာ ချေးတယ်။ အတိုးပေးရသက်သာတယ်။ ပြန်မဆပ်နိုင်တော့ သူတို့လည်း ထပ်မချေးကြတော့ဘူး။ အဲကြောင့် ရပ်ကွက်ထဲ (တရားမဝင်) ငွေတိုးချေးပေးတဲ့သူဆီမှာ ချေးထားတာ။

DW ။ အခုလိုဖြစ်နေတဲ့အပေါ် စိတ်ထဲမှာဘယ်လိုခံစားရလဲ

ဖြေ။ စိတ်မကောင်းဖြစ်မိတာပေါ့။ ငါ့မှာ အကြွေးပင်လယ်ဝေနေပြီဆိုပြီးတော့လေ။ တစ်ခါမှ သူများအကြွေး အခုလိုနှစ်နဲ့ချီပြီး မယူဖူးပါဘူး။ ယူပြီးရင်ပြန်ဆပ်နေကြ။ အခုတော့ စီးပွားရေးတွေကမကောင်းတော့ ‌ဒီလိုဖြစ်နေကြရတာပေါ့။

(မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသ တစ်ခုဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုလည်းဖြစ်သည်။ သို့သော်ယခုနှစ်များတွင် ကိုဗစ်ကပ်ဘေးနှင့် ဆိုးရွာသည့်နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ယိုယွင်းကျဆင်းမှုများ ကြုံတွေ့နေရသည်။ ယင်းကြောင့် တောင်ပိုင်းသားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်းများကို သိရှိနိုင်စေရန် Dawei Watch က ဒေသခံများကို မေးမြန်း၍  အပတ်စဉ် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။)