တကူ၊သရဘွင် တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်

0
383
ပုံစာ - မိုးထဲရေထဲ နေရပ်စွန်ခွာ စစ်ဘေးရှောင်နေသူများ

တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။

မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊ ရွာမ၊အင်းရှည်ကုန်း၊ ပြည်အေး၊တကူငယ် အလယ်ပိုင်း၊လမိုင်းကော့နှင့် သရဘွင်ကျေးရွာအုပ်စုရှိ သရဘွင်အရှေ့ကမ်း၊ ကျောက်တောင်၊စံပယ်ကုန်း၊ သာယာကုန်း၊မယ်ငေါ့၊တလိုင်းတပ် စသည့်ကျေးရွာများမှ ပြည်သူများ တစ်သောင်းလေးထောင် ဝန်းကျင်မှာနေရပ်စွန်ခွာ စစ်ဘေးရှောင်နေရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တကူနှင့်သရဘွင် ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညမှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဒေသခံများ နီးစပ်ရာရွာများနှင့် ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ထွက်ပြေးတိမ်းရှောင်စဉ် မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်သူများမှာ အမိုးအကာ၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ အလျှင်အမြန် လိုအပ်လျက်ရှိနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသည့်အဖွဲ့များနှင့် တိမ်းရှောင်နေသူများ ထံမှသိရသည်။

“ဘာမှလည်း ယူချိန်မရဘူး ဒီအတိုင်းကလေးတွေနဲ့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာရတာ”ဟု ဘန်းပြည့်ကျေးရွာသို့ ထွက်ပြေးလာရသည့် တကူဒေသခံအမျိုးသမီး ကပြောသည်။

တကူနှင့်သရဘွင်ကျေးရွာတွင် ယနေ့မိုးချုပ်သည်အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေကြောင်း ဒေသခံများ ကပြောသည်။

ယနေ့တိုက်ပွဲအတွင် သရဘွင်ကျေးရွာမှ နေအိမ်နှစ်ဆောင်နှင့် တကူခြောက်အိမ်စုတန်းမှ နေအိမ်နှစ်ဆောင်လည်း မီးရှို့ခံခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။