လေပြင်းကြောင့် မော်လမြိုင်တွင် နေအိမ်အမိုးလန်၊ သစ်ပင်၊ ဓာတ်တိုင်များလဲကျ

0
528

လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့အနှံ့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးပြီး သစ်ပင်၊ ဓာတ်တိုင်များ လဲကျကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယနေ့ (မေ ၂၀) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခတ်နေသည့် လေပြင်းကြောင်း လမ်းမပေါ် သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျခြင်းတို့ကြောင့် လမ်းပိတ်ထားရပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ လျှပ်စစ်ဌာနတို့က ရှင်းလင်းနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိုးရော လေရောပဲ။ မိုးက သိပ်မကြီးပေမယ့် လေကတော့ တအားပြင်းတယ်။ လမ်းမှာလည်း သစ်ပင်တွေ ဓာတ်တိုင်တွေ လဲနေတာ တစ်မြို့လုံးပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ရှိနိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန် ထားသည်။

အဆိုပါ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မေလ ၂၀ ရက် နံနက်ပိုင်းမှ မေလ ၂၁ ရက်အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်လည်း ထုတ်ပြန်ထားသည်။

၎င်းပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။  

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အသိပေးထထားသည်။

ပြည်တွင် လေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေး နှိုးဆော်ထားသည်။