သရဘွင်အရှေ့ကမ်းတွင် တိုက်ပွဲဖြစ်၊ တကူတွင် ဒေသခံအချို့ ဖမ်းဆီးခံရဟုဆို

0
446

တနင်္သာရီမြို့နယ်၊ သရဘွင်အရှေ့ကမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (မေ ၂၀) နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

“လက်နက်ကြီးတွေရော လက်နက်ငယ်တွေပါ ဆက်တိုက်ပစ်ခဲ့တယ်။ အထိအခိုက်တော့ မကြားရ သေးဘူး” ဟုတကူကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံ အမျိုးသမီးက တစ်ဦးက ပြောသည်။

ယင်းသို့အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကပြောသည်။

နံက်နက် ၇ နာရီဝန်းကျင်ကလည်း တကူကျေးရွာ သံတိုက်ရပ်ကွက်မှ မြစ်တစ်ဖက်ကမ်းရှိ တကူတိုက်ကမ်းသို့ လက်နက်ကြီး ၆ ချက်ခန့် ပစ်ခတ်ခဲ့သေးသည်ဟု တကူဒေသခံများကပြောသည်။

တကူနှင့် သရဘွင်တို့မှာ နီးနီးကပ်ကပ် တည်ရှိသည့် ကျေးရွာအုပ်စုများ ဖြစ်သည်။

ဒေသခံရွာသားအချို့အား စစ်ကောင်စီတပ်ကဖမ်းဆီးထားသည်ဟု ကြားရသော်လည်း လူဦးရေ အတိအကျကိုမူမသိရှိရသေးကြောင်း ဒေသခံများကဆိုသည်။

“ဖမ်းပြီးတော့ ရွာသားတစ်ယောက်အသတ်ခံရတယ်လို့လည်းကြားရတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တကူကျေးရွာသို့ မေလ ၁၉ရက် ည ၆ နာရီဝန်းကျင်စစ်ကောင်စီတပ်များ လက်နက်ကြီးများပစ်ပြီးနောက် စစ်ကြောင်း ဝင်ရောက်လာရာ တကူတိုက်နယ်တစ်ခုလုံး ညတွင်းချင်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှသိရသည်။

တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ အင်းရှည်ကုန်း၊ ခြောက်အိမ်စု၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊အလယ်ပိုင်း၊ လမိုင်းကော့ နှင့် သရဘွင်ကျေးရွာတို့မှ ဒေသခံ နှစ်ထောင်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မိုးရွာသွန်းနေခြင်းကြောင့်လည်း နေထိုင်ချက်ပြုတ်ရေး အခက်အခဲကြုံနေရသည်ဟု တိမ်းရှောင်နေသည့် ဒေသခံများကပြောသည်။

တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုတို့တွင် နှစ်အစမှ စပြီး နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်လ့ရှိသည်။

စစ်ကောင်စီဖက်မှလည်း အဆိုပါ ကျေးရွာအုပ်စုများတွင် PDF များ ခိုအောင်းနေသည်ဟုဆိုကာ ဧပြီလ ပထမပတ်ကတည်းက ဆန်နှင့်စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားသည်။