တနင်္သာရီ တကူကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ရွာလုံးကျွတ်ထွက်ပြေး

0
650
ထွက်ပြေးနေသည့် တကူရွာသားများ

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ရွာသားများထံမှ သိရသည်။

ယနေ့ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ် ရွာထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အနည်းဆုံး နေအိမ်နှစ်လုံး လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံများ ထွက်ပြေးသည့် ကားရှေ့သို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကားမှန်များ ကွဲကြေပျက်စီးသွားကြောင်း ရွာသားများက ပြောသည်။

“(တကူကျေးရွာအုပ်စုထဲက) အင်းရှည်ကုန်းတို့ ခြောက်အိမ်စုတို့ဖက် သူတို့ (စစ်ကောင်စီ) တပ် ဝင်စီးလိုက်ပြီ။ သံတိုက်ဖက်က လူတွေလည်း အကုန်ထွက်ပြေးကုန်ကြပြီ” ဟု တကူရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။

တကူကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ယခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသည်။

ယင်းရွာများတွင် PDF များ ခိုအောင်းနေသည်ဟုဆိုကာ ဧပြီလ ပထမပတ်မှစတင်ကာ ဆန်နှင့် စက်သုံးဆီများ သွယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။